ပြီးခဲ့သည့် မေလ ၆ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပြိုရွာ၌ ဖြစ်ပွားခဲ့သော အသက် ၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူအား အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် တောင်းဆိုလိုက်သည်။

ပြစ်မှု ကျူးလွန်သူကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က ယနေ့ မေလ ၁၁ ရက်နေ့တွင် တောင်းဆိုလိုက်ပြီး ယင်းလုပ်ရပ်အား အင်မတန်မှ ဝမ်းနည်းကြေကွဲတုန်လှုပ်မိကြောင်း ထုတ်ပြန်ချက်က ရေးသည်။

ကျူးလွန်သူက မူးယစ်သုံးစွဲထားခြင်း အရက်သေစာသောက်စားထားခြင်း စိတ်ပုံမှန်မဟုတ်ဟု ဆိုသော အစရှိသည့် ပြစ်ဒဏ်လျော့ပေါ့အောင် အကြောင်းပြခြင်းမျိုးများကို လက်မခံကြောင်း Center for Social Research and Development (CSRD) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“လူမဆန်တဲ့ အင်မတန် ရက်စက်ယုတ်မာတဲ့ ဒီလုပ်ရပ်ကို ကျူးလွန်တဲ့သူကို အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်ပေးစေချင်ပါတယ်။ မိသားစုဝင်တွေနဲ့ ဒီလုပ်ရပ်ကို မခံမရပ်နိုင်ဖြစ်နေတဲ့ ပြည်သူတရပ်လုံးကလည်း ဒီအတိုင်းပဲ လိုလားတောင့်တနေကြမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျူးလွန်သူက မူးယစ်သုံးစွဲထားလို့၊ အရက်သေစာသောက်စားထားလို့၊ စိတ်ပုံမှန်မဟုတ်လို့ဆိုတဲ့ အစရှိတဲ့ ပြစ်ဒဏ်လျော့ပေါ့အောင် အကြောင်းပြတာမျိုးတွေကို လက်မခံဘဲ ပြစ်မှုကျူးလွန်ခံရသူအတွက် လူမှုတရားမျှတရေးရရှိအောင် တရားဥပဒေက စီရင်ချက် ချမှတ်ဖို့ လိုအပ်ပါတယ်” ဟုပြောသည်။

အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများမှာ Rakhaing Women’s Initiative Organization (RWIO)၊ Women Generation (WG)၊ Purple World၊ Ann Women Generation၊ We Are One၊ Center for Social Research and Development (CSRD)၊ Arakkha Foundation၊ All Arakan Youth Organizations Network (AAYON)၊ Mrauk-U Youths Association (MUYA)၊ Generation၊ Indigenous Social Development Organization (ISDO)၊ Mongbra Youth Association တို့ ဖြစ်ကြသည်။

လူမဆန်သော ကြောက်စရာကောင်းသောလုပ်ရပ်သည် ကျူးလွန်ခံရသူ အပြစ်မဲ့အမျိုးသမီးငယ်နှင့် မိသားစုဝင်များအပေါ် သာမက၊ လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နေသည့် ကြီးလေးသော ရာဇဝတ်မှုတခု ဖြစ်ကြောင်း အဆိုပါ အဖွဲ့များက ပြောသည်။

ရခိုင်ဒေသ၏ အေးချမ်းလုံခြုံသည့် လူ့အသိုင်းအဝိုင်းအတွက် မည်သည့် ကလေးသူငယ်မှ ယခုကဲ့သို့ ဆိုးရွားပြင်းထန် ကြောက်မက်ဖွယ်ကောင်းသော အကြမ်းဖက်မှုမျိုးကို ရင်ဆိုင် မကြုံတွေ့ သင်ကြောင်းကိုလည်း ပြောဆိုထားသည်။

ယခုကဲ့သို့ အရုပ်ဆိုး အကျဥ်းတန်သည့် ကိစ္စအား တရားမျှတမှု ရရှိရေးအတွက် တိတ်ဆိတ်ခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် လျစ်လျူရှုခြင်းများ မဖြစ်စေသင့်ဟုကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က ရှုမြင်ကြောင်း ပြောသည်။

Center for Social Research and Development (CSRD) တာဝန်ရှိသူ တစ်ဦးက”ကျွန်တော်တို့ဖက်ကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားရေးဌာနရဲ့ ဒီအမှုအပေါ် တရားစီရင်မှု အခြေအနေတွေကို စဥ်ဆက်မပြတ် နားစွင့်သွားပြီးတော့ ကျူးလွန်ခံရသူနဲ့ သူ့မိသားစုဝင်တွေအတွက် တရားမျှတမှု ရရှိရေးကို တိုက်တွန်းလှုံ့ဆော်သွားမှာပါ”ဟုပြောသည်။

ဖားပြိုရွာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနန့်ပတ်သက်၍ စေ့စေ့စပ်စပ် ဘက်မလိုက်ဘဲ အချိန်နှင့် တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ကျူးလွန်ခံရသူနှင့် ၄င်း၏ကျန်ရစ်ခဲ့သော မိသားစုဝင်များအတွက် လူမှုတရားမျှတမှုရရှိရေးကို အာမခံလျက် စီရင်ချက် ချမှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက် က ရေးသည်။

အလားတူ ရခိုင်ဒေသနေ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းများ နောက်နောင် မဖြစ်ပွားရအောင် ထိရောက်စွာ ကာကွယ်တားဆီးပေးသည့် လုပ်ငန်းစဉ်များ ချမှတ်ပေးရန်တို့ ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က တောင်းဆိုထားသည်။

နောက်နောင်မဖြစ်ရအောင် သက်ဆိုင်ရာ အစိုးရဌာနများ အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူသတ်မှုများကို ပြင်းထန်စွာ အရေးယူပေးမည့် ဥပဒေများကို စနစ်တကျ အကောင်အထည်ဖော်ပေးရန် လိုကြောင်း Center for Social Research and Development (CSRD)က ပြောသည်။

CSRD တာဝန်ရှိသူ တစ်ဦးက” ဒီလိုမျိုး ဖြစ်ရပ်မျိုးတွေ နောက်နောင်မဖြစ်ရအောင် သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ လုပ်ဆောင်လို့ရတာတွေ အများကြီး ရှိပါတယ်။ ပထမ အရေးကြီးဆုံးကတော့ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူသတ်မှုတွေကို ပြင်းထန်စွာ အရေးယူပေးမယ့် ဥပဒေတွေကို စနစ်တကျ အကောင်အထည်ဖော်ပေးဖို့ပါ။ နောက်တချက်ကတော့ ပြည်သူလူထု၊ မိဖတွေကို အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ လိုအပ်သလို့ ကလေးသူငယ်တွေကိုလည်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အရွယ်အလိုက် အသိပညာပေးမယ့် သင်ခန်းစာတွေကို ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းသင်ကြားစေတာမျိုး လုပ်ဆောင်သင့်ပါတယ်။ ဒီဒုတိယအချက်ကတော့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ရင် ပိုမိုထိရောက်နိုင်ပါတယ်”ဟုပြောသည်။

ဖားပြိုကျေးရွာမှ ဒေါ်ဆန်းအေးကြည်၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ငါးမန်းရိပ်ကျွန်းဒေသခံ လူလတ်ပိုင်းအရွယ် ကိုမောင်မြသန်း ဆိုသူက အတင်းအဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်။

ထိုအမျိုးသမီးငယ်ရုပ်အလောင်းကို ဖားပြိုကျေးရွာ၏ အနီးရှိ သစ်ပင်တစ်ပင်တွင် ကျူးလွန်သူ ကိုမောင်မြသန်းက သတ်ဖြတ်ပြီး ရုပ်အလောင်းအား တွဲလောင်းချ ချိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူ မောင်မြသန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးထားပြီး ၎င်းအား အပြစ်ပေး အရေးနိုင်ရန် စစ်ဆေးမေးမြန်းနေကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *