နိုင်ငံမတည်ငြိမ်အောင် ပြည်သူလူထုက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ (PPP) ဒေါ်သက်သက်ခိုင်က ပြောသည်။

ယနေ့(မေ ၁၁ရက်) ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းအခြေစိုက် သတင်းဌာနများ၏ မေးမြန်းချက်များကို ဒေါ်သက်သက်ခိုင်က ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” အရပ်သားအစိုးရနဲ့၊ တပ်အစိုးရ တစ်လှည့်စီလားက အဲ့ဒါဘာလဲဆိုရင် ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးမတည်ငြိမ်သေးဘူးဆိုတာပြောတာဖြစ်ပါတယ်။ အဲ့ဒီလို မတည်ငြိမ်အောင် ဘယ်သူတွေက လုပ်ကြတာလဲလို့ပြောလို့ရှိရင် နှစ်ပိုင်းရှိပါတယ်။ နံပါတ်တစ်ကတော့ ပြည်တွင်းက ပြည်သူလူထုတွေပေါ့နော် ပြည်သူလူထုတစ်ပိုင်း၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ တပ်မတော်တာဝန်ရှိသူတွေ၊ ဒါလဲတစ်ပိုင်းရှိသလို၊ နိုင်ငံတကာရဲ့ စွက်ဖတ်မှုတွေလဲပါနေပါတယ်ရှင့်၊ ကျမအဲ့ဒါကို ကိုယ့်အချင်းချင်းပြောမယ်ဆိုရင်တော့ ကျမတို့ဟာ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်းမတည်ထောင်နိုင်သေးဘူး။ မြန်မာနိုင်ငံသူနိုင်ငံသားလို့ပြောရင် စည်းလုံးညီညွတ်မှု တော်တော်အားနည်းနေပါသေးတယ် ” ဟု ဒေါ်သက်သက်ခိုင်ကပြောသည်။

ထို့ပြင် PPPပါတီသည် အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်ကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ၌ ဒေါ်သက်သက်ခိုင်ကပြောကြားခဲ့သေးသည်။

“ပြည်သူတွေက ကျမတို့ကို မဲနဲ့ထောက်ခံလိုက်မယ်ဆိုရင်တော့ အစိုးရဖြစ်သွားနိုင်တယ်။ ပြည်သူလူထုအပေါ်ပဲမူတည်ပါတယ်။ ကျမတို့ကတော့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ ပါတီဖြစ်အောင် အစဉ်အမြဲ ကြိုးစားနေတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် နိုင်ငံရေးပါတီများသည် အစိုးရဖြစ်လာပါက ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် မသမာမှုဖြစ်ရန် အလားအလာပိုရှိပြီး စစ်တပ်က ဦးစီးသည့် ရွေးကောက်ပွဲသည် သမာသမတ်ဖြစ်မည်ဟု ယုံကြည်ကြောင်း‌ ဒေါ်သက်သက်ခိုင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၂၀၂၀ခုနှစ်က ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ PPP ပါတီသည် ကိုယ်စာလှယ်လောင်း ၂၀၀ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုတွင်ပင် အနိုင်ရရှိခဲ့ခြင်းမရှိခဲ့ပေ။

ယခုနှစ်(၂၀၂၅ခုနှစ်) ဒီဇင်ဘာလ၌ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟုကြေညာထားကာ အဆိုပါရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားထားသည့်အရေအတွက် ၇၆ ပါတီရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်သောကြောင့် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် သပိတ်မှောက်ရန် NUG/NUCCနှင့် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင် ရေးကော်မတီတို့၏ ပူးတွဲ အကြံပြုချက်ကို မေ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *