မင်းအောင်လှိုင်က မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှင့် ၎င်း၏မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံနေရကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ပြန်လည် တင်ပို့ခြင်းမပြုတော့ဘဲ အပြီးအပြတ်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ထိုသို့ Airbus လေယာဉ်ကို ငှားရမ်းထားရာမှ အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှာမူ အမေရိကန် General Electric(GE) ကုမ္ပဏီထံမှ ငှားရမ်းထားသော လေယာဉ်များကို ငှားရမ်းခ ပေးရန် အကြိမ်ကြိမ်ရွှေ့ဆိုင်းခြင်း၊ နိုင်ငံရေးအခြေအနေ အပြောင်း အလဲများနှင့် အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားမှုများကြောင့် လေ ယာဉ်များကို ပြန်လည်သိမ်းယူခံနေရကြောင်း သိရှိရသည်။

“၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက် မှာ အမေရိကန် GE ကုမ္ပဏီ ကနေ နိုင်ငံ တော်အဆင့် G to G စနစ်နဲ့ သဘောတူညီချက်အရ Boeing 737 800 လေယာဥ် ၆ စီး ကို ငှားရမ်းပေးခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီက ငှားရမ်းခတွေကို မပေးနိုင်လို့ဆိုပြီး အကြိမ်ကြိမ် ရွှေ့ဆိုင်းတာ။ အဲဒီမှာ တစ်နှစ် ၁ စီးနှုန်း သတ် မှတ်ရက်ပြည့်တာနဲ့ အာဏာသိမ်း စစ်ကောင်စီကို အယုံအကြည်ပျက်သွားတဲ့အတွက် GE ကုမ္ပဏီက ဌားရမ်းခြင်းမပြုတော့ဘဲ ပြန်သိမ်းသွားတယ်။ NLD အစိုးရ လက်ထက် မှာ ယုံကြည်မှုနဲ့ ဌားရမ်းထားတဲ့ လေယာဥ် တွေ ကို စစ်ကောင်စီကြောင့် ကုမ္ပဏီက ပြန်လည်း သိမ်းယူသွားရာမှာ အခုဆိုရင် Boeing 737 800NG တစ်စီးပဲ လက် ကျန် ရှိတော့တယ်” ဟု မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။

မေလ ၆ ရက်နေ့ ညနေပိုင်း မန္တလေးတံတားဦးလေဆိပ်တွင် မီးလောင်ခဲ့သော မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA ) လေယာဉ် Boeing 737 UB 812 လေယာဉ်မှာ အိန္ဒိယလေကြောင်းမှ သက် တမ်းလွန် XY ALV လေယာဉ်ဖြစ်ကြောင်း၊ စစ်ကောင်စီထံသို့ လေယာဉ်ငှား ရမ်း မည့် နိုင်ငံ မရှိသလောက် နည်းလာ၍ သက်တမ်းလွန် လေယာဉ်များကို MNA က ငှားရမ်းအသုံးပြုနေရသည်ဟု အဆိုပါ မြန်မာ့ လေကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။

“မန္တလေးလေဆိပ်မှာ မီးလောင်ခဲ့တဲ့ Boeing 737 လေယာဥ်က အိန္ဒိယ လေ ကြောင်းလိုင်းရဲ့ သက်တမ်း အလွန် ကြာနေပြီဖြစ်သည့် XY ALV Boeing လေယာဥ်ဖြစ်ပါတယ်။ စစ်ကောင်စီက အခြား Boeing လေယာဉ် ပိုင်ဆိုင်တဲ့ နိုင်ငံတွေကနေ ဌားရမ်းပြီး အသုံးပြုမရတော့တဲ့အတွက် အိန္ဒိယ လေကြောင်းလိုင်းရဲ့ သက်တမ်း အလွန် ကြာနေပြီဖြစ်တဲ့ လေယာဉ်ကို ငှားရမ်းခဲ့ရတာပါ။ သက် တမ်းက ကြာနေသလို လူံခြုံမှု မရှိတော့တဲ့ လေယာဥ်တွေ ဖြစ်နေပေမယ့် ဖြစ်အောင်ဌားပြီးသုံးနေရတာ” ဟု မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ဆက် လက်ရှင်းပြသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်းက စစ်အာဏာ သိမ်းပြီးနောက် လေယာဉ် စီးနင်းရန် ပြည်သူများက သပိတ်မှောက်ခြင်း၊ ငှား ရမ်း ထားသော လေယာဉ်အကောင်းများကို ပြန်လည် အသိမ်းခံရခြင်း အပါ အဝင် စီမံခန့်ခွဲမှု အလွဲများ၊ စစ်တပ်၏ ပရမ်းပတာ လုပ်ဆောင်မှုများကြောင့် နှစ်စဉ် အကြီးအကျယ် အရှုံးပေါ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက MNA လေကြောင်းလိုင်းမှ အရပ်ဘက် ခရီးသည်လေယာဉ်များကို နိုင်ငံတကာလေကြောင်းဆိုင်ရာ စံချိန်စံညွှန်းများ၊ ဥပဒေများကို ချိုးဖောက် ၍ စစ်ဘက်ဆိုင်ရာ လုပ်ငန်းစဥ်များဖြစ်သည့် တိုက်ပွဲ ဖြစ်ရာ ဒေသများသို့ လက်နက်တင်ပို့ခြင်းနှင့် အကြမ်းဖက် စစ်တပ်မှ အဖွဲ့ဝင်များကို စစ်ကူအဖြစ် ပေးပို့ခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက် ခေါ်ယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မေလ ၇ ရက်နေ့ ရုရှားနိုင်ငံသို့ သွားရောက်ရာတွင် မင်းအောင်လှိုင်နှင့် ကြူကြူလှက မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော MAI A-319 Airbus လေယာဉ်ကို အသုံးပြုခဲ့ကြစဉ်။


Leave a Reply

Your email address will not be published. Required fields are marked *