“ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲသည့်ကိစ္စ သက်သေနှင့်တကွ မြင်တွေ့ရသည်ကို မီဒီယာများက လုပ်ကြံရေးသားခြင်းဟု စစ်ကောင်စီ ဗြောင်လိမ်ပြန်”
ဒီပဲယင်းမြို့နယ်တွင်းရှိ အိုးထိန်းတွင်း(မြောက်) ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ ဦးအပါအဝင် ၂၂ ဦး သေဆုံးခဲ့ရသော်လည်း စစ်ကောင်စီက ယင်းမှာ မီဒီယာများက လုပ်ကြံရေးသားကြခြင်းဖြစ်ကြောင်း မေလ ၁၂ ရက် ညတွင် ထုတ်ပြန်သည်။
“ဒီပဲယင်းမှ စာသင်ကျောင်းကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေခံ လုံခြုံရေး တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိ” ဟု စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများ၏ ည ၈ နာရီသတင်းတွင်ထဲ့သွင်းကြေညာသွားခဲ့သည်။
စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှု မလုပ်ကြောင်းပြောကာ “နိုင်ငံတော် အစိုးရအနေဖြင့် အနာဂတ် မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ ပညာရေး မြင့်မားစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်မှာ ပြည်သူများအသိပင်ဖြစ်” ဟုလည်း ပါရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်ရှိ အိုးထိန်းတွင်းကျေးရွာ၏ စာသင်ကျောင်းအပေါ် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ် အချိန် စစ်လေယာဉ်မှ ဗုံးကြဲချမှုကြောင့် အသက် ရှစ်နှစ်အရွယ် Grade-1 မှသည် အသက် ၁၇ နနှစ်အရွယ် Grade-11 အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀ ဦးနှင့် ဆရာမနှစ်ဦးသေဆုံးသွားခဲ့ကာ ၅၀ ခန့်ဒဏ်ရာရသွားခဲ့သည်။
သေဆုံးသူများမှာ မိန်းကလေး ၁၅ ဦးနှင့် ယောက်ျားလေး ငါးဦး ဖြစ်ကြောင်း အမည်နာမများနှင့်တကွပေးပို့သော အထောက်အထားများအရသိရသည်။
ဓါတ်ပုံများတွင် အမိုးပွင့်နေသော စာသင်ကျောင်းပုံများနှင့်အတူ သေဆုံးနေသော အဖြူ၊ အစိမ်းဝတ်ကလေး ၁၀ ဦးထက်မနည်းတွေ့ရပြီး ဦးခေါင်းနှင့်ကိုယ်လက်အင်္ဂါများပြတ်တောက်နေသော ရုပ်အလောင်းများလည်းပါဝင်သည်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးသည့် အခြေအနေပေါ် မူတည်ကာစာသင်ကြားနေကြရခြင်းဖြစ်၍ ပုံမှန်စာသင်နှစ်ကဲ့သို့ မဟုတ်ကြောင်း ဒီပဲယင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် တဦးက ပြောသည်။










Leave a Reply