ဂန့်ဂေါနယ်က ကျေးရွာ-ပကဖစခန်းကို စစ်အုပ်စုကစီးနင်းပြီး ရဲဘော်တွေနဲ့ကလေးငယ်တွေကို နှိပ်စက်သတ်ဖြတ်ခဲ့

ပြည်သူတချို့ကိုလဲ ဓားစာခံဖမ်းဆီးခေါ်ဆောင်သွား

မကွေးတိုင်း ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျေးရွာ-ပကဖ) စခန်းကို စစ်အုပ် စုက ဝင်ရောက်စီးနင်းပြီး ကလေးငယ်တွေအပါအဝင် ရဲဘော်တွေကို နှိပ်စက်သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဂန့်ဂေါမြို့ အခြေစိုက် စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၅၀ က အင်အား ၁၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်အုပ်စု စစ် ကြောင်းဟာ မေလ ၁၁ ရက် ည ၂ နာရီခန့်မှာ ဂန့်ဂေါနယ် လယ်မကျေးရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းချိန် ကျေးရွာပကဖ စခန်းကို စီးနင်းမိတာကြောင့် အခုလို သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“သတ်ခံရတဲ့နေရာတွေမှာ တော်တော်လေးဆိုးရွားတယ်။ မသတ်ခင်မှာ စစ်ကြောရေးမေးတာတွေက ဓားနဲ့ ထိုးပြီး မွှေပြီးမှ မေးတာတွေရှိတယ်။ ကင်းကတော့ ရှိတယ်ဗျ သူ့အဖွဲ့ကိုယ့်အဖွဲ့မှားပြီးတော့အဲလိုမပစ်လိုက်တာပေါ့လေ။ အဲဒီမှာ ဝင်စီးခံလိုက်ရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းဟာ ကျေးရွာ-ပကဖ စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသကာကွယ်ရေးရဲဘော် ခုနစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ကလေးငယ်လေးဦး စုစုပေါင်း ၁၁ ဦးကို‌ ညှဉ်းပန်းနှိက်စက်သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းဟာ ဒေသခံရဲဘော်တွေနဲ့ကလေးငယ်တွေကို သတ်ဖြတ်သွားရုံမက ဒေသခံပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက်အရွယ်ကြီးရင့်သူတချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ပြည်သူတချို့ ကိုတော့ ဆက်လက်ဖမ်းဆီးထားတဲ့အတွက် ပြန်လည်မလွတ်မြောက်လာသေးဘူးလို့ ဆိုပါတယ်။

လယ်မ ကျေးရွာဟာ ဂန့်ဂေါမြို့နဲ့ လေးမိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ကျေးရွာကြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ စစ်အုပ်စုကျူးလွန် ထားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၃၇၈ ခုရှိပြီး အဲဒီဖြစ်စဉ်တွေမှာ သေဆုံးသူ ၄၀၂၃ ဦးထိ ရှိ တယ်လို့ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မေလ ၈ ရက်က ထုတ်ပြန်ထားခဲ့ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မေ ၁၂ ရက်၊ မနက်စော ၂ နာရီဝန်းကျင်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးစခန်းတခု စီးနင်းခံရကာ ရပ်ကျေးပကဖ ရဲဘော်တွေနဲ့ ကျောင်းသား ၄ ယောက်တို့ သတ်ဖြတ်ခံရပြီး လက်နက်ခဲယမ်းတွေလည်း ပါသွားတယ်လို့ ဂန့်ဂေါအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဂန့်ဂေါအခြေစိုက် PDF တပ်ဖွဲ့ဝင်တယောက်က “လယ်မရွာ ရပ်ကျေးပကဖစခန်းကို ဂန့်ဂေါ ခလရ ၅၀ က အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ရုတ်တရက် ဝင်စီးခံလိုက်ရတာပါ။ သူတို့စခန်းက အဲဒီရွာစာသင်ကျောင်းနဲ့နီးတော့ ရဲဘော်တွေနဲ့ ဆွေမျိုးသားချင်းတွေ တော်စပ်ကြတဲ့ ကျောင်းသားလေးတွေ ခဏတဖြုတ်လာနေနေကြတာရယ်ဆိုတော့ ရဲဘော် ၇ ယောက်အပြင် ကျောင်းသားလေးတွေ ၄ ယောက်၊ စုစုပေါင်း ၁၁ ယောက်က အဲဒီစခန်းနားမှာပဲ အသတ်ခံခဲ့ရပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ရပ်ကျေး ပကဖ တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရဲဘော်နေလင်းဦး၊ ရဲဘော်ကျော်မြတ်သူ၊ ရဲဘော်ညီလေး၊ ရဲဘော်အောင်ကြည်မင်း၊ ရဲဘော်ဂျွန်ကိုဝင်း၊ ရဲဘော်သက်ပိုင်ဦးနဲ့ ကျော်စန်းခိုင်တို့အပြင် ကျောင်းသားတွေဖြစ်ကြတဲ့ ၇ တန်းကျောင်းသား မောင်လျှံထွန်း၊ ၈ တန်းကျောင်းသား မောင်မှိုင်းဝေ၊ ၉ တန်းကျောင်းသား မောင်မျိုးသီဟနဲ့ မောင်သီဟလင်းတို့ ဖြစ်ပါတယ်။

ဂန့်ဂေါခရိုင် ပကဖ တာဝန်ရှိသူက “ရပ်ကျေးရဲဘော်တွေနဲ့ ကျောင်းသားလေးတွေ အသတ်ခံရပြီးတော့ လက်နက်ခဲယမ်းတွေလည်း ပါသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဘယ်လို သတင်းပေါက်သွားပြီးတော့ စခန်းအစီးခံလိုက်ရတာလည်းဆိုတာ စုံစမ်းမှုတွေ ဆောင်ရွက်နေပါတယ်။ ရွာခံအမျိုးသား ၂၀ လောက်ကိုလည်း ဖမ်းပြီးတော့ ခလရ ၅၀ ထဲကို ပြန်ဝင်သွားကြတယ်။ အခုလောလောဆယ် အဲဒီရွာမှာ ဘယ်သူမှမရှိကြတော့ဘူး။ ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါ ခလရ ၅၀ ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ ရွာသားတွေ မေ ၁၂ ရက် ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ဂန့်ဂေါနယ်ထဲက PDF စခန်းတခုကို သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး PDF အလောင်း ၁၃ လောင်း၊ လက်လုပ်သေနတ် ၁၄ လက်၊ M22 သေနတ် ၁ လက်၊ BA72 သေနတ် ၁ လက်၊ 12 ဗို့ သေနတ် ၁ လက်၊ စကားပြောစက် ၅ လုံး၊ M22 ကျည်ဘောက် ၂ ခု၊ BA72 ကျည်ဘောက် ၁ ခု၊ 7.62 ကျည် ၉ တောင့်၊ M22 ကျည် ၄၆ တောင့် နဲ့ 12 ဗို့ ၁၂ တောင့်တို့ သိမ်းဆည်းရခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *