စာသင်ကျောင်းဗုံးကြဲမှု ဒဏ်ရာရသူများထဲမှ ဆရာ ၁ ဦး လက်ဖြတ်ရပြီး ကလေး ၅ ဦး အသက်အန္တရာယ်စိုးရိမ်ရ
လူအပျောက်များခဲ့သော ဒီပဲယင်းမြို့နယ်တွင်းရှိ အိုးထိန်တွင်း စာသင်ကျောင်းကို ယမန်နေ့(မေ ၁၂ ရက်) နံနက် ဗုံးကြဲမှုတွင် ဒဏ်ရာရသူများအနက်မှ နောက်ထပ်ကျောင်းဆရာတဦး လက်ဖြတ်လိုက်ရပြီး ကျောင်းသူ၊ ကျောင်းသား ငါးဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူ ၂၂ ဦးရှိခဲ့သော ဒီပဲယင်းမြို့အနောက်တောင်ဘက် ခုနှစ်မိုင်ခန့်အကွာရှိ တထပ်တိုက်စာသင်ကျောင်းပေါ် ဗုံးကြဲချမှုတွင် ဒဏ်ရာရသူပေါင်း ၄၈ ဦးရှိခဲ့သည်။ သေဆုံးသူများတွင် Grade-2 အဆင့်မှ Grade-11 အဆင့် ကျောင်းသူ၊ ကျောင်းသား ၂၀ နှင့် ကျောင်းဆရာမနှစ်ဦး ပါဝင်သည်။
ယနေ့နံနက်ထပ်မံသိရှိရသည်မှာ ဒဏ်ရာရသူများအနက်မှ အသက် ၅၂ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်လွင်မှာ ဘယ်ဘက်လက် ချိုင်းအောက်ဘက်မှ ဖြတ်တောက်လိုက်ရပြီး ခွဲစိတ်ကုသမှုပြိီးစီးပြီဟုဆိုသည်။
ဦးမောင်လွင်သည် လုပ်သက် ၁၀ နှစ်ခန့်ရှိကျောင်းဆရာတဦးဖြစ်ပြီး စစ်အာဏာမသိမ်းမီက ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းဆရာလုပ်ခဲ့သူဖြစ်ကာ “ကြားကာလပညာရေး” တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ စာသင်ကျောင်းနှစ်ခုတွင် ရူပဗေဒနှင့် သင်္ချာနှစ်ဘာသ သင်ကြားပေးနေသူဖြစ်သည်။
ဘုတလင်မြို့နယ်အတွင်းက ဆေးရုံများကိုပို့ဆောင်ထားခဲ့ရသော ဒဏ်ရရသူများအနက်မှ အချို့ကို မန္တလေးမြို့သို့ပြောင်းရွှေ့ကုသမှုခံယူနေရသည်ဟုလည်း သိရသည်
ကလေးငါးဦးကတော့ အသက်အန္တရာယ်စိုးရိမ်နေရကြောင်းကို “ ကလေးတွေက သူ့ဘက် ကိုယ့်ဘက် လုနေရတာတွေရှိတယ်။ ” ဟု အိုးထိန်းတွင်းရွာ ကျေးရွာပညာရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုမုတ်ဆိတ်က ပြောသည်။
ကိုမုတ်ဆိတ်၏ Grade-5 တက်နေသည့် သားတဦးနှင့် Grade-11 တက်နေသည့် သားတဥိီးမှာလည်း ထိခိုက်ဒဏ်ရာရ၍ ဆေးကုသမှု ခံယူနေရသည်။
ဒဏ်ရာရသူများတွင် ကျောင်းဆရာ၊ ဆရာမ ငါးဦးပါဝင်ကာ ကျန်အားလုံးသည် ကျောင်းသူ၊ ကျောင်းသားများဖြစ်သည်။
ဆေးဝါး နှင့် ဆရာဝန်အင်အား မလုံလောက်မှုက အခက်အခဲဖြစ်နေကြောင်းလည်း ဒေသခံများကဆိုသည်။
ဒေသတွင်း လတ်တလော စစ်ရေးတိုက်ခိုက်မှုမရှိသော်လည်း အိုးထိန်တွင်းကျေးရွာ( မြို့နယ်ထွေအုပ်၏မှတ်တမ်းများတွင်တော့ အိုးထိမ်းတွင်းရွာဟုရေးသည်။) ကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် စစ်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေဖြစ်ကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်သော ကလေးငယ် ၂၈၉ ဦးပညာသင်ကြားနေခဲ့သည့် အိုးထိန်တွင်း စာသင်ကျောင်းသည် စစ်ကောင်စီတပ်စစ်ကြောင်းထိုးခြင်းမရှိသည့်အခြေအနေပေါ်မူတည်ကာ သင်ကြားရသဖြင့် မြန်မာနိုင်ငံတွင်အတွေ့ရများသော ပုံမှန်စာသင်နှစ်နှင့်ကွဲပြားသည်။


Leave a Reply