ဦးဉာဏိဿာရ၊ ဦးဆေကိန္ဒနှင့် ဦးဝီရသူတို့က အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို တားမြစ်ရမည့်အစား မြှောက်ပင့်ပေးနေ၍ ဗုဒ္ဓဘာသာကို ရက်စက်ကြမ်းကြုတ်သော အစွန်းရောက် စစ်သွေးကြွအဖွဲ့ဟု မြင်လာကြသည်ဟု ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့မှ ပြောသည်။
ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့မှ ဦးဉာဏိဿာရ၊ ဦးဆေကိန္ဒနှင့် ဦးဝီရသူတို့က လုပ်ရပ်များနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်သည့် ထုတ်ပြန်ချက် တစ်ခုကို ယမန့်နေ့ မေလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်အတွင်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများ၏ သေဆုံးခဲ့ရမှုဖြစ်စဉ်အပေါ် ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့က ပြောဆိုခြင်းဖြစ်သည်။
” မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က ကိုးကွယ်တဲ့ သီတဂူဆရာတော်၊ ဦးဆေကိန္ဒ၊ ဦးဝီရသူ အစရှိတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်က အကြမ်းဖက် သောင်းကြမ်းတဲ့ လုပ်ရက်တွေကို တားမြစ်ရမဲ့အစား မြှောက်ပင့်ပေးနေတော့ ဗုဒ္ဓဘာသာကို ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့လို့ မြင်လာကြ၊ ပြောလာကြတာကိုလည်း နာစရာမရှိတော့ပါဘူး” ဟု ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့က ဆိုသည်။
မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီအဖွဲ့ကို ကမ္ဘာကျော် ISIS တို့ကဲ့သို့ ဗုဒ္ဓဘာသာ၏ အလွန်ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွ အဖွဲ့ဟု ပြောနေကြပြီဟု ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့မှ ထုတ်ပြန်ထားသည်။

“အခုဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ကြောင့် ဗုဒ္ဓဘာသာဟာလည်း ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့ ဖြစ်နေပါပြီ” ဟု ပြောသည်။
အပြစ်မဲ့ပြည်သူများအပေါ် မင်းအောင်လှိုင်ဦးသည် ရက်စက်ကြမ်းကြုတ် အကြင်နာတရားကင်းမဲ့ခြင်း၊ သနားညှာတာမှုခေါင်းပါးခြင်း၊ ကိုယ်ချင်းစာတရားမရှိသည့်အပြင် အလွန်တရာ စက်ဆုတ် ရွံရှာစရာကောင်းသည့် ဗုံးကြဲသတ်ဖြတ်အောက်တန်းကျတဲ့ လုပ်ရက်ကို မရှက်မကြောက် ထပ်တလဲလဲ ကျူးလွန်နေကြောင်းလည်း ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီအဖွဲ့၏ ကျူးလွန်မှုများကို စစ်ရာဇဝတ်မှုနှင့် အမြန်ဆုံးအရေးယူနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့မှ တောင်းဆိုထားသည်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာက စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ဆရာမ ၂ ဦးအပါအဝင် ကလေးငယ် ၂၃ ဦးအထိ သေဆုံးခဲ့ရပြီး ဒါဇင်နှင့်ချီသော ကလေးငယ်များလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။

ဆက်လက်ပြီး စစ်ကောင်စီသည် ရခိုင်ပြည် ထွန်းရဝေကျေးရွာကို မေလ ၁၃ ရက် နံနက်ပိုင်းက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။


Leave a Reply