ဗန်းမော် စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် အရန်အင်အားပို့ခံရပြီး စကခမှူးအသစ်ကို ဦးဆောင်ခံစစ် ဆင်ခိုင်းထား

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးမှုများရှိနေပြီး ခံစစ်အင်အားပျော့လာသည့်အတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး (စကခမှူး) ဗိုလ်မှူးချုပ်တင်မင်းလတ်ကို အရန်အင်အားပို့လိုက်ကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမော်စကခမှူးဟောင်း ဗိုလ်မှူးချုပ်တင်မင်းလတ်ကို အရန်အင်အားပို့ထားပြီး ဗန်းမော်တွင် ဆက်လက်ထားရှိထားကြောင်း သိရသည်။

“ဗန်းမော်တိုက်ပွဲက ၇၅ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း အဲဒီ‌အနေအထားအထိ KIA က အသာစီးယူထားတယ်။ စစ် တပ်ဘက်က ရဟတ်ယာဉ်နဲ့ စစ်ကူအင်အားပို့နိုင်နေတာ ခံစစ်အင်အားကြာရှည်စေတယ်။ စကခမှူးကိုဖြုတ်ပြီး မှူးချုပ်အသစ်တင်ထားတယ်။ ဒုစကခမှူးက ခလရ ၄၇ ခံစစ်ကြောင်းကို ဦးဆောင်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စကခမှူးနေရာကို ဗိုလ်မှူးချုပ် အောင်နိုင်ဦးရောက်ရှိလာပြီး ဗန်းမော်ခံစစ်ကို အဓိကဦးဆောင်နေကာ ယခု ရက်ပိုင်းအတွင်း လူအင်အားကို လေကြောင်းမှပို့နိုင်ရန် ပြုလုပ်လာကြောင်း သိရသည်။

ဗန်းမော်တိုက်ပွဲမှာ ငါးလကြာမြင့်လာပြီဖြစ်သော် လည်း စစ်ကောင်စီက ခံစစ်အင်အားကိုတိုးချဲ့ကာ မြို့ အတွင်း အထပ်မြင့်တိုက်နှင့် အဆောက်အဦများတွင် နေရာယူတိုက်ခိုက်လာသည့်အတွက် မြို့သိမ်း တိုက်ပွဲကြာမြင့်နေကြောင်း သိရသည်။

ဗန်းမော်မြို့ရှိ စစ်ရေးပစ်မှတ်နေရာများနှင့် တပ်ရင်းတပ်ဖွဲ့ ၂၀ ကျော်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ပြီး တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့အတွက် အင်အားလိုအပ်ချက်များသောကြောင့် ဗန်းမော်တိုက်ပွဲမှ မြစ်ကြီးနား စစ်ဆေးရုံသို့ ပို့ဆောင်ထားသည့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနည်းငယ်သက် သာလာသည် ဆိုပါက ဗန်းမော်တိုက်ပွဲအတွင်း ရဟတ်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ရန် စီမံထားကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ-ဗန်းမော် စကခမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *