အမေရိကန် စွမ်းအင် အရာရှိများသည် တရုတ်ထုတ် လျှပ်စစ်ပစ္စည်းများ၏ အန္တရာယ်ကို ပြန်လည် သုံးသပ်နေသည်။ အဆိုပါ ပစ္စည်းများသည် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အခြေခံ အဆောက်အအုံတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အချို့ ပစ္စည်းများ၏ အတွင်းပိုင်းတွင် ရှင်းလင်းစွာ မသိရသော ဆက်သွယ်ရေး ကိရိယာများကို တွေ့ရှိခဲ့ရကြောင်း ယင်း ကိစ္စနှင့် ရင်းနှီးသူ နှစ်ဦးက ပြောသည်။
လျှပ်စစ်စွမ်းအင်ပြောင်းစက် (Inverter) များကို ကမ္ဘာတဝန်းတွင် ဆိုလာပြားများ၊ လေအား သုံး တာဘိုင်များကို လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်အသုံးပြုကြပြီး အများစု ကို တရုတ်တွင် ထုတ်လုပ်သည်။ ထို့ပြင် ဘက်ထရီများ၊ အပူစုပ်စက်များနှင့် လျှပ်စစ်ကား အားသွင်းစက်များတွင်လည်း ယင်းတို့ကို တွေ့ရသည်။
အင်ဗာတာများကို အဆင့်မြှင့်တင်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း ကို အဝေး မှ လုပ်ဆောင်နိုင်ရန် တည်ဆောက်ထားပြီး အသုံးပြုသော ကုမ္ပဏီများက တရုတ်သို့ တိုက်ရိုက် ပြန်လည် ဆက်သွယ်ခြင်းကို ကာကွယ်ရန် ဖိုင်ယာဝေါလ် (firewalls) များ တပ်ဆင်လေ့ရှိသည်။
သို့သော် ထုတ်ကုန်စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်းမရှိသော ဖောက်ထွင်းဝင်ရောက်နိုင်သည့် ဆက်သွယ်ရေး ကိရိယာများကို အချို့သော တရုတ် ဆိုလာစွမ်းအင် အင်ဗာတာများတွင် တွေ့ရှိခဲ့ကြောင်း အမေရိကန် ကျွမ်းကျင်သူများက ဆိုသည်။ ၎င်းတို့ကို လုံခြုံရေးဆိုင်ရာ ပြဿနာများကို စစ်ဆေးရန် ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ထားသော ကိရိယာများအား ဖြုတ်တပ်စစ်ဆေးရင်း တွေ့ရှိခဲ့ကြောင်း အဆိုပါ လူနှစ်ဦးက ဆိုသည်။
လွန်ခဲ့သော ကိုးလအတွင်းတွင် ဆယ်လူလာ ရေဒီယို (cellular radios) များအပါအဝင် မှတ်တမ်းတင်မထားသော ဆက်သွယ်ရေး ကိရိယာများကို တရုတ်မှ တင်ပို့သူ အများအပြား၏ ဘက်ထရီ အချို့တွင်လည်း တွေ့ရှိခဲ့ကြောင်း ၎င်းတို့ နှစ်ဦးအနက် တဦးက ဆိုသည်။
၎င်းတို့ နှစ်ဦး သည် ဆိုလာစွမ်းအင်သုံး အင်ဗာတာနှင့် ဘက်ထရီမည်မျှကို စစ်ဆေးခဲ့သည် ဆိုခြင်းကို ရိုက်တာသတင်းဌာနမှ အတည်ပြုနိုင်ခြင်း မရှိပေ။
အဆိုပါ ဖောက်ထွင်းဝင်ရောက်နိုင်သော ကိရိယာများသည် မှတ်တမ်းတင်မထားသော နောက်ထပ် ဆက်သွယ်ရေး လမ်းကြောင်းများကို ပေးစွမ်းနိုင်ပြီး ယင်းတို့မှတဆင့် ဖိုင်ယာဝေါလ်များကို အဝေးမှ ရှောင်ကွင်းနိုင်၍ အလွန်ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
တွေ့ရှိသူ နှစ်ဦး က ၎င်းတို့၏ အမည်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
“တရုတ်က ကျွန်တော်တို့ရဲ့ အခြေခံ အဆောက်အအုံတွေကို အနည်းဆုံး အစိတ်အပိုင်းတချို့ ဖျက်ဆီးခံရနိုင်ခြေ ဒါမှမဟုတ် အနှောင့်အယှက် ဖြစ်နိုင်ခြေရှိအောင် လုပ်ဆောင်တဲ့အပေါ်မှာ အလေးထားတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်” ဟု အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ၏ ညွှန်ကြားရေးမှူးဟောင်း မစ္စတာ မိုက် ရော်ဂျာက ပြောသည်။
“အင်ဗာတာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဟာ အနောက်နိုင်ငံတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ နည်းလမ်း ကန့်သတ်ချက်တွေ ရှိလိမ့်မယ်ဆိုပြီး တရုတ်တွေက တစိတ်တပိုင်း မျှော်လင့်နေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်း က ဆိုသည်။
ဝါရှင်တန်ရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူတဦးက “အမျိုးသားလုံခြုံရေး သဘောတရားကို အလွဲသုံးစားလုပ်ပြီး တရုတ်ရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အောင်မြင်မှုတွေကို မဟုတ်မမှန် ပြောဆိုတာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ဖောက်ထွင်းဝင်ရောက်နိုင်သော ဆက်သွယ်ရေး ကိရိယာများကို အသုံးပြု၍ ဖိုင်ယာဝေါလ်များကို ရှောင်ကွင်းပြီး အင်ဗာတာများကို အဝေးမှ ပိတ်ပစ်ခြင်း သို့မဟုတ် ချိန်ညှိမှုများ လုပ်ဆောင်နိုင်ပြီး ဓာတ်အားလိုင်းများကို မတည်မငြိမ်ဖြစ်စေနိုင်သကဲ့သို့ စွမ်းအင် အခြေခံ အဆောက်အအုံများကို ပျက်စီးစေပြီး နေရာအနှံ့ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
“အဲဒါက ဓာတ်အားလိုင်းကို ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးဖို့ တပ်ဆင်ထားတဲ့ နည်းလမ်းတခု ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” လို့ ၎င်း က ဆိုသည်။
အပို ဆက်သွယ်ရေး ကိရိယာများ ပါဝင်သော အင်ဗာတာနှင့် ဘက်ထရီများ ထုတ်လုပ်သော တရုတ် ထုတ်လုပ်သူများ ၏ အမည် နှင့် အရေအတွက် မည်မျှ တွေ့ရှိခဲ့သည် ဆိုသည်ကို ထုတ်ဖော်ပြောရန် ၎င်းတို့ နှစ်ဦးက ငြင်းဆန်ခဲ့သည်။
အဆိုပါ ဖောက်ထွင်းဝင်ရောက်နိုင်သော ကိရိယာများ ရှိနေကြောင်း ယခင်က သတင်းရရှိခြင်းမျိုး မရှိပေ။ အမေရိကန် အစိုးရသည်လည်း ယင်းတွေ့ရှိမှုများကို လူသိရှင်ကြား အသိအမှတ်ပြုထားခြင်း မရှိပေ။
မှတ်ချက်ပေးရန် တောင်းဆိုရာတွင် အမေရိကန် စွမ်းအင်ဝန်ကြီးဌာန (DOE) က နည်းပညာများ နှင့် ဆက်စပ်ပေါ်ပေါက်လာနိုင်သော အန္တရာယ်များကို အမြဲတမ်း အကဲဖြတ်နေပြီး ထုတ်လုပ်သူများ အနေဖြင့် လုပ်ဆောင်နိုင်စွမ်းများကို ထုတ်ဖော်ပြောကြားရန်နှင့် မှတ်တမ်းတင်ရာတွင် သိသာထင်ရှားသော အခက်အခဲများ ရှိကြောင်း ပြောကြားသည်။
“ဒီ လုပ်ဆောင်နိုင်စွမ်းဟာ မသမာတဲ့ ရည်ရွယ်ချက် ပါဝင်တယ်လို့ မဆိုနိုင်ပေမယ့် ဝယ်ယူသူတွေအနေနဲ့ ဝယ်ယူထားတဲ့ ထုတ်ကုန်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း အားလုံးကို အပြည့်အဝ နားလည်ထားဖို့ အရေးကြီးပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
ဆော့ဖ်ဝဲလ် အပလီကေးရှင်းတခုကို တည်ဆောက်ထားသော အစိတ်အပိုင်းအားလုံး၏ စာရင်း (Software Bill of Materials) နှင့် အခြား စာချုပ်ပါ လိုအပ်ချက်များမှ တဆင့် ထုတ်ဖော်ပြောကြားမှုများတွင် ရှိနေသော ကွာဟချက်များကို ဖြေရှင်းရန် လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယုံကြည်ရသော ကိရိယာ
အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်နှင့် အခြားနိုင်ငံများသည် ဖြစ်နိုင်ချေရှိသော လုံခြုံရေးဆိုင်ရာ အားနည်းချက်များနှင့် ပတ်သက်သည့် စိုးရိမ်မှုများကြောင့် မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံများတွင် တရုတ်၏ အခန်းကဏ္ဍကို ပြန်လည် သုံးသပ်နေကြောင်း ယခင် အစိုးရ အရာရှိ နှစ်ဦးက ပြောသည်။
အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ၂၀၂၇ ခုနှစ် အောက်တိုဘာမှ စတင်၍ ပြည်တွင်းလုံခြုံရေးဌာနက တရုတ်အဖွဲ့အစည်း အချို့ဆီမှ ဘက်ထရီများ ဝယ်ယူခြင်းကို တားမြစ်သော “နိုင်ငံခြား ရန်ဘက် နိုင်ငံ အပေါ် ဘက်ထရီ မှီခိုမှု လျှော့ချရေး ဥပဒေ” ကို အမေရိကန် အထက်လွှတ်တော် အမတ်နှစ်ဦးက ဖေဖော်ဝါရီလတွင် တင်သွင်းခဲ့သည်။
ယင်းဥပဒေသည် တရုတ် ကွန်မြူနစ်ပါတီနဲ့ နီးကပ်စွာ ဆက်နွယ်နေသည် ဟု ဝါရှင်တန်က ပြောဆိုသော တရုတ် ကုမ္ပဏီ ခြောက်ခုဆီမှ ဘက်ထရီ ဝယ်ယူခြင်းကို ပြည်တွင်းလုံခြုံရေးဌာနက တားဆီးရန် ရည်ရွယ်သည်။ ယင်းကုမ္ပဏီများမှာ Contemporary Amperex Technology Company (Catl), BYD Company, Envision Energy, EVE Energy Company, Hithium Energy Storage Technology Company နှင့် Gotion High-tech Company တို့ ဖြစ်သည်။
ကုမ္ပဏီများက မှတ်ချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။
ယခုအခါ တရုတ် အင်ဗာတာ ထုတ်လုပ်သူများကို အလားတူ ပိတ်ပင်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အဆိုပါ ကိစ္စနဲ့ ပတ်သက်၍ သိရှိသူ သုံးဦးက ပြောသည်။
ဖလော်ရီဒါ၏ အကြီးဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သူ Florida Power & Light Company (FPL) အပါအဝင် လျှပ်စစ်ဓာတ်အား ကုမ္ပဏီ အချို့သည် လိုအပ်သော ကိရိယာများကို တခြားနေရာများမှ ရယူရန်နှင့် တရုတ် အင်ဗာတာ အသုံးပြုမှုကို လျှော့ချရန် ကြိုးပမ်းနေကြောင်း အဆိုပါ ကိစ္စနှင့် ရင်းနှီးသူ လူနှစ်ဦးက ပြောသည်။ မှတ်ချက်ပေးရန် တောင်းဆိုချက်များကို FPL က တုံ့ပြန်ခဲ့ခြင်း မရှိပေ။
“ပြည်တွင်း ထုတ်လုပ်မှုတွေ ပိုမို အားကောင်းလာတာနဲ့အမျှ DOE ဟာ ယုံကြည်ရတဲ့ ကိရိယာတွေကို ဓာတ်အားလိုင်းထဲမှာ အသုံးပြုဖို့ အမေရိကန်ရဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို အားကောင်းလာအောင် နောက်ထပ် အခွင့်အလမ်းတွေပေးပြီး ဖက်ဒရယ် အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင် နေပါတယ်” ဟု DOE ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
‘အန္တရာယ်များသော အကျိုးဆက်များ’
Huawei သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝန်း တင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ အကြီးဆုံး အင်ဗာတာ တင်သွင်းသူဖြစ်ခဲ့သည်။ ယင်းနောက်တွင် တရုတ် ပြိုင်ဘက် ကုမ္ပဏီ Sungrow နှင့် Ginlong Solis တို့ ရှိကြောင်း Wood Mackenzie အတိုင်ပင်ခံ ကုမ္ပဏီက ဆိုသည်။
သို့သော် ဂျာမန် ဆိုလာစွမ်းအင် တည်ဆောက်သူ 1Komma5 က Huawei အင်ဗာတာများသည် လုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် ဆက်စပ်မှုများကြောင့် ၎င်းတို့ကို ရှောင်ရှားခဲ့သည် ဟု ဆိုသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တရုတ် အင်ဗာတာတွေကို ပိတ်လိုက်ရင် ဥရောပ ဓာတ်အားလိုင်းတွေ အတွက် ကြီးကြီးမားမား ဘာမှ ဖြစ်မလာနိုင်ပေမယ့် အခုတော့ အရေးပါတဲ့ အတိုင်းအတာက အများကြီး ပိုကြီးလာပါပြီ” ဟု 1Komma5 ၏ အမှုဆောင် အရာရှိချုပ် ဖိလစ် ရှရိုဒါက ပြောသည်။
“အနောက်နိုင်ငံတွေရဲ့ ဓာတ်အားလိုင်းတွေမှာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်နိုင်စွမ်းတွေ တိုးလာတာနဲ့အမျှ တရုတ်နဲ့ အနောက်နိုင်ငံတွေကြားမှာ ကြာရှည်ပြီး ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာနိုင်ခြေ ပိုများလာတာကြောင့် တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ပိုကြီးတဲ့ ပြဿနာတခု ဖြစ်လာနေပါတယ်” ဟု ၎င်း က ဆိုသည်။
အမေရိကန်သည် ၂၀၁၉ ခုနှစ်ကတည်းက Huawei ၏ အမေရိကန် နည်းပညာ အသုံးပြုခွင့်ကို ကန့်သတ်ထားပြီး ကုမ္ပဏီသည် အမျိုးသား လုံခြုံရေးနှင့် ဆန့်ကျင်သော လုပ်ရပ်များ လုပ်ဆောင်နေ သည်ဟု စွပ်စွဲ၍ Huawei က ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
တရုတ် ကုမ္ပဏီများသည် တရုတ် ထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဥပဒေအရ လိုအပ်မှုများကြောင့် အစိုးရအနေဖြင့် နိုင်ငံခြား ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ထားသော တရုတ်ထုတ် အင်ဗာတာများကို ထိန်းချုပ်နိုင်သော အလားအလာ ရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
Huawei သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန် အင်ဗာတာ ဈေးကွက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သော်လည်း ယင်းနှစ်တွင်ပင် ၎င်း ၏ 5G ဆက်သွယ်ရေး ကိရိယာများ ပိတ်ပင်ခံခဲ့ရသည်။ အခြားနေရာများတွင် တင်ပို့မှုကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ Huawei က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ဥရောပတွင် စွမ်းအင် ၃ ဂစ်ဂါဝပ်မှ ၄ ဂစ်ဂါဝပ် ပမာဏကို ထိန်းချုပ်နိုင်ရုံဖြင့်ပင် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုတွင် နေရာအနှံ့ အနှောင့်အယှက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
ဥရောပ ဆိုလာစွမ်းအင် ထုတ်လုပ်သူများ ကောင်စီ၏ ခန့်မှန်းချက်အရ ဥရောပ၏ ဆိုလာစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ၂၀၀ ဂစ်ဂါဝပ်ကျော်သည် တရုတ်ထုတ် အင်ဗာတာများနှင့် ချိတ်ဆက်ထားပြီး ယင်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၀၀ ကျော်နဲ့ ညီမျှသည် ဟု ဆိုသည်။
၂၀၂၄ ခုနှစ်အကုန်တွင် ဥရောပ၌ တပ်ဆင်ထားသော ဆိုလာစွမ်းအင် ပမာဏ ၃၃၈ ဂစ်ဂါဝပ် ရှိကြောင်း စက်မှုလုပ်ငန်း အဖွဲ့အစည်း SolarPower Europe က ဆိုသည်။
“အိမ်သုံး ဆိုလာ အင်ဗာတာ အများအပြားကို အဝေးကနေ ထိန်းချုပ်ပြီး တချိန်တည်းမှာ မသမာတဲ့ လုပ်ရပ်တခုခု လုပ်မယ်ဆိုရင် အဲဒါဟာ ဓာတ်အားလိုင်းအတွက် ကြာရှည်စွာ ဘေးအန္တရာယ်များတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု အစ္စရေး အင်ဗာတာ ထုတ်လုပ်သူ SolarEdge ၏ ဆိုက်ဘာ လုံခြုံရေး အစီအစဉ် ညွှန်ကြားရေးမှူး မစ္စတာ ယူရီ ဆဒေါ့က ပြောသည်။
မဟာဗျူဟာမြောက် မှီခိုမှုများ
လစ်သူယေးနီးယားနဲ့ အက်စ်တိုးနီးယားကဲ့သို့ တခြားနိုင်ငံများသည်လည်း စွမ်းအင်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို အသိအမှတ်ပြုကြသည်။ နိုဝင်ဘာတွင် လစ်သူယေးနီးယား အစိုးရသည် ကီလိုဝပ် ၁၀၀ အထက် ဆိုလာ၊ လေနဲ့ ဘက်ထရီ တပ်ဆင်မှုများတွင် တရုတ်မှ တင်သွင်းခွင့် ကို ပိတ်ပင်သော ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပြီး ယင်းက တရုတ် အင်ဗာတာများ အသုံးပြုမှုကို ပုံမှန်အားဖြင့် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ယင်းကန့်သတ်ချက်ကို အိမ်ခေါင်မိုးပေါ်မှ သေးငယ်သော ဆိုလာ တပ်ဆင်မှုများအထိ တိုးချဲ့နိုင်ကြောင်း စွမ်းအင်ဝန်ကြီး ဇီဂီမန်တက်စ် ဗိုင်စီယူးနက်စ်က ပြောကြားသည်။
ဆိုလာ အင်ဗာတာများကဲ့သို့ စီးပွားရေးအရ အရေးပါသော အစိတ်အပိုင်းများတွင် တရုတ်နည်းပညာများကို ခွင့်ပြုထားခြင်းက တရုတ်၏ ခြိမ်းခြောက် အကျပ်ကိုင်မှုကို အက်စ်တိုးနီးယား ခံရနိုင်သည်ဟု နိုင်ငံခြား ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ကာပို ရိုဆင်က ဆိုသည်။
မည်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည် ဆိုသော မေးမြန်းမှုအပေါ် အက်စ်တိုးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရာသီဥတု ဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ဗြိတိန်တွင် လာမည့်လများအတွင်း အပြီးသတ်ရန်ရှိသော စွမ်းအင်စနစ်၌ တရုတ် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာဆိုင်ရာ အစိုးရ၏ ပြန်လည်သုံးသပ်မှုတွင် အင်ဗာတာများကို စစ်ဆေးခြင်းလည်း ပါဝင်ကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူတဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာတွင် အင်ဗာတာတင်သွင်းသူ Sol-Ark နှင့် Deye တို့အကြား စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတခုသည် အမေရိကန်နှင့် အခြားနိုင်ငံများရှိ ဆိုလာစွမ်းအင်သုံးအင်ဗာတာများကို တရုတ်မှ တင်သွင်းခြင်းအား ပိတ်ပင်တားဆီးမှု ဖြစ်စေပြီး ဒေသန္တရလျှပ်စစ်ဓာတ်အားပေးဝေမှုများအပေါ် နိုင်ငံခြား လွှမ်းမိုးမှုအန္တရာယ်ကို ထင်ရှားစေ၍ အစိုးရအရာရှိများအကြား စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူ သုံးဦးက ပြောကြားခဲ့သည်။
မည်သည့် အင်ဗာတာအရေအတွက်ကို ပိတ်ထားသည် သို့မဟုတ် ဓာတ်အားလိုင်းများအတွက် မည်မျှအထိ အနှောင့်အယှက်ဖြစ်ခဲ့သည်ကို ရိုက်တာသတင်းဌာနမှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။ DOE က ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ Sol-Ark နှင့် Deye တို့သည် မှတ်ချက်တောင်းခံမှုများကို တုံ့ပြန်ခြင်း မရှိခဲ့ပါ။
ဥရောပနှင့် အမေရိကန်တို့တွင် တရုတ်၏ လွှမ်းမိုးမှုကို လျှော့ချရန် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းထားသည့် တယ်လီကွန်းနှင့် ဆီမီးကွန်ဒတ်တာကဲ့သို့သော အခြားစက်မှုလုပ်ငန်းများထက် စွမ်းအင်ကဏ္ဍ က နောက်ကျကျန်နေခဲ့သည်။ စွမ်းအင်အခြေခံအဆောက်အအုံ လုံခြုံရေးအတွက် ဆုံးဖြတ်ချက်များ က အရေးကြီးသည်။ ၎င်းသည် တပ်ဆင်အသုံးပြုမှု အရွယ်အစားပေါ်တွင် တစိတ်တပိုင်း မူတည်နေသောကြောင့်ဖြစ်သည် ဟု လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုသည်။
အိမ်သုံးဆိုလာ သို့မဟုတ် ဘက်ထရီသိုလှောင်မှုစနစ်များသည် အနောက်တိုင်း ဓာတ်အားလိုင်း များစွာတွင် သိသာထင်ရှားသော ဓာတ်အားဝေစုကို ပံ့ပိုးပေးနေသောကြောင့် လုံခြုံရေးလိုအပ်ချက်များ စတင် အသက်ဝင်သော ကန့်သတ်ချက်အောက်တွင် အကျုံးဝင်နေကြောင်း ၎င်းတို့က ပြောကြားသည်။
အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံပါဝင်သော အနောက်တိုင်းလုံခြုံရေးမဟာမိတ်အဖွဲ့ဖြစ်သည့် နေတိုးက အင်ဗာတာများ အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ အရေးပါသောအခြေခံအဆောက်အအုံကို ထိန်းချုပ်ရန် တရုတ်၏ ကြိုးပမ်းမှုများ တိုးလာနေသည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ မဟာဗျူဟာမြောက် မှီခိုအားထားမှုတွေကို ဖော်ထုတ်ပြီး ဒါတွေကို လျှော့ချဖို့ အရေးယူဆောင်ရွက်ရမယ်” ဟု နေတိုးအရာရှိတဦးက ပြောကြားခဲ့သည်။
The Straits Times မှ Ghost in the machine? Rogue communication devices found in Chinese inverters ကို လေးမွန် ဘာသာပြန်သည်။


Leave a Reply