ရှမ်းနီပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် KIAတို့ တိုက်ပွဲဖြစ်ပွား

အင်းတော်ကြီးဒေသတွင် ရှမ်းနီပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် KIAတို့ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသ ဆနွင်းကုန်းကျေးရွာတွင် ယမန်နေ့ မေ ၁၄ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီ ပူးပေါင်းတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပါ ခုခံ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကြောင်းစဝင်တာတော့ ၁၃ရက်ညပိုင်းကပဲ။ ၁၄ရက် မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲစတယ် ပြောရမယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေခပ်စိပ်စိပ်ကြားရတယ်။ နန့်မွန်းကနေ စစ်တပ်နဲ့ SNA ပူးပေါင်းတက်လာတယ်ပြောတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဆနွင်းကုန်း၊ အင်းသာဘက်ခြမ်းကို နန့်မွန်းကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်နှင့် KIAတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ယမန်နေ့ ညပိုင်းအထိ စစ်ကောင်စီက ဒရုန်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့ကလည်း အဆိုပါ ဆနွင်းကုန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက် ကြီးများပါ အသုံးပြု ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီက ဖားကန့်ဘက်ကိုလည်း အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းများခွဲကာ စစ်ကြောင်း ထိုးနေပြီး ဗန်းမော်တိုက်ပွဲကိုလည်း ခုခံကာကွယ်တိုက်ခိုက်နေရသည့် အခြေအနေ ဖြစ်သည်။

စစ်ကောင်စီက အပစ်ရပ်ထားသည်ဟုဆိုသော်လည်း ကချင်ပြည်နယ်ရှိ စစ်ရေးတင်းမာနေသည့် နေရာများကို စစ်ကြောင်းထိုးခြင်းနှင့် လူအင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းများ လုပ်ဆောင် နေပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *