စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းသုံး၍ အင်အားဖြည့်တင်းနေ
တရုတ်ရင်းနှီးမြှုပ်နှံမှုရှိရာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာနှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးမှုများရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် သပြုတောင်-ပျားတဲ- ကပ်သပြေရွာကြားနှင့် လိပ်ခမော်- မလကျွန်းကျေးရွာ ကြားတွင် ယမန်နေ့ မေ ၁၄ရက်နေ့အထိ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
“ကျောက်ဖြူတိုက်ပွဲပုံစံက တပ်ရင်းနဲ့ စစ်တပ် တပ်စွဲထားရာစခန်းတွေကနေ စစ်ကြောင်းထွက်လာရင် AA က စီးပြီးတိုက်တယ်။ အမှည့်ခြွေ ခြွေခံနေရတာ ထွက်သမျှတပ်ရင်း အပြုတ်ပဲ” ဟု ရခိုင် သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် မေ ၁၁ရက်နှင့် မေ ၁၂ရက်နေ့တို့တွင်ဖြစ်ပွားသည့် လိပ်ခမော်နှင့် မလကျွန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ပါ စစ်ကြောင်းမှာ သေဆုံးထိခိုက်မှုများပြီး တပ်ပျက်ထွက်ပြေး သွားရကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူတိုက်ပွဲအတွင်း ခမရ ၅၄၂နှင့် ခမရ ၅၄၃တို့မှ တပ်ဖွဲ့ဝင်များကို အဓိကအသုံးပြုနေပြီး ရဲတပ်ရင်း ၃၂တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၇၀၀ ခန့်ပို့ထားကာ ခံစစ်ပြင်ဆင်စုဖွဲ့မှုများရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၇ရက်နေ့က စစ်တွေမြို့မှ စစ်ကောင်စီအင်အား ၃၀၀ကျော်ကို ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်သို့ ရေကြောင်းမှ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောက်တစ်လုံးဘုရားအနီးရှိ ခမရ ၅၄၂နှင့် ဂုံးချွိန်တိုက်နယ်အနီးရှိ ခမရ ၅၄၃တို့ထံသို့ မတ်လအတွင်းက လေကြောင်းမှ အင်အား ၂၀၀ခန့်ဖြည့်တင်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူတိုက်ပွဲကို ကြည်း၊ ရေ၊ လေမှ တိုက်ခိုက်နေပြီး လူအင်အားကို ရေကြောင်း၊လေကြောင်းသုံး၍ ပို့ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-အင်တာနက်


Leave a Reply