ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လစစ်စခန်းကို ၁ ရက်ကျော်အကြာ တိုက် ခိုက်ပြီးနောက် KNU က သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မယ်လစစ်စခန်းကို ၁ ရက်ကျော်အကြာ တိုက်ခိုက်ပြီးနောက် KNU u သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်မှစတင်၍ မယ်လစစ်ကောင်စီတပ်စခန်း ကို KNLA ပူးပေါင်းတပ်များက ဒရုန်းများဖြင့် စတင်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ပိတ်ဆို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၁၅ ရက်နေ့ ညပိုင်းတွင် အဆိုပါ စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယနေ့ မေလ ၁၆ ရက်နေ့တွင် မယ်လစစ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်၏ အရာရှိနှင့် စစ်သားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

“တစ်နေ့နဲ့တစ်ည တိုက်တာမှာ စခန်းရပါပြီ။ မယ်လစခန်းကို ပိတ်ဆို့ထားတာကတော့ ၂ လလောက် ရှိပြီ။ ထွက်ပြေးတဲ့ စကစတွေကို လိုက်ရှင်းနေတယ်။ အသေးစိတ်ကို သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်” ဟု KNU စစ်ရေးသတင်း ရင်းမြစ်ကအတည်ပြုပြောသည်။

KNU တပ်မဟာ ၇ နယ်မြေ အတွင်းရှိ ဘားအံခရိုင်၊ လှိုင်းဘွဲ့ခရိုင်၊ ပိုင်ကျုံမြို့၊ မြဝတီမြို့နယ်၊ နဘူးမြို့နယ်၊ ရှမ်းရွာသစ်နယ်မြေများတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၂၀ခန့် နှင့် အခြေချ စစ်ဗျူဟာစခန်း ၅ ခု ခန့် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

“အခု ထိုင်း- မြန်မာနယ်စပ် မြဝတီခရိုင်ထဲမှာ နော်တယာစခန်း၊ မော်ဖိုးကေစခန်း၊ ဝမ်ခါသစ် စစ်တပ် စခန်းတွေ ကျန်သေးတယ်။ အောက်ဘက်မှာဆိုရင် လှိုင်းဘွဲ့ ၊ ရှမ်းရွာသစ်မှာလည်း ဗျုဟာကုန်း၊ ခံစစ်ကုန်း တွေ ကျန်သေးတယ်၊ ပိုင်ကျုံမှာလည်း အခြေချစစ်စခန်းတွေ ၊ကော့ကရိတ် နဘူး မှာလည်း ခမရ ၅၄၇၊ ခမရ ၅၄၈၊ ခမရ ၅၄၉ တပ်ရင်း တွေ၊ လမ်းကင်းစခန်းတွေဆက်ရှင်းဖို့ရှိသေးတယ်”ဟု KNU သတင်းရင်းမြစ်က ရှင်းပြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ စခန်းများကို KNLA မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက် တိုက်ခိုက်သိမ်းပိုက်နေသဖြင့် မယ်လကျေးရွာမြန်မာဘက်အခြမ်းမှ ပြည်သူ ၅၀၀ ဝန်းကျင်က ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြကြောင်း သိရှိရသည်။

မေလ ၁၃ ရက်နေ့ ညနေပိုင်း KNU နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီ ခမရ ၂၄ တပ် ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မေ လ ၁၅ ရက်နေ့ညနေပိုင်း မယ်လ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တခေါ်ဘီခွီးစခန်းကို KNLA PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီစခန်းများတွင် ချိတ်ဆွဲလေ့ရှိသည့် စာသားတစ်ခုနှင့် မယ်လစခန်းတွင် တိုက်ပွဲဖြစ်ပွားနေစဉ် မြင်ကွင်း။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *