နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တပ်ကုန်းနှင့် ပျဥ်းမနားမြို့နယ်တို့မှ မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
တပ်ကုန်းနှင့် ပျဥ်းမနားမြို့နယ်တို့တွင် မေလ ၁၅ ရက်ကစ၍ မိုးရွာခဲ့ပြီး ယမန်နေ့(မေလ ၁၇ ရက်) ညနေတွင် မိုးသည်းထန်ကာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေခြင်းဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောသည်။
“တပ်ကုန်းဘက်က ရေတွေဆင်းလာတာ။ ကျမတို့တော့ အထုပ်တွေကို အမြင့်ဘက်ကို တင်ထားပြီး ရေဘေးရှောင်ဖို့ပြင်ဆင်နေရတယ်။ မိုးကဆက်
တိုက်ရွာနေပြီး ချောင်းတွေရေလျှံတာ”ဟု ပျဥ်းမနားမြို့ ဆင်သေဆည်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေလျှံနေပြီး ပတ်ဝန်းကျင်ကျေးရွာများ ရေဘေးကြိုတင်ပြင်ဆင်ရန်၊သက်ကြီးရွယ်အိုကလေးငယ်များအား စိတ်ချရသောနေရာများသို့ ပြောင်းရွှေ့ထားရန် လူမှုကူညီတဲ့အဖွဲ့များက သတိပေးနေသည်။
တပ်ကုန်းမြို့ မကျီးပင်ကျေးရွာအနောက်ဘက်ခြမ်းတွင် ယနေ့(မေလ ၁၈ရက်)နံနက်ပိုင်းကစ၍ ရေဝင်လာသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည်။
မေ ၁၈ ရက်ညဦး ပိုင်းရောက်သည့်အခါ တပ်ကုန်းမြို့ပေါ်သို့ ရေစတင်ဝင်ရောက်လာသည်။ ဘုရင်နောင် နယ်မြေ ၁၀ ကွက်သစ် အပိုင်းတွေရေတက်လာကြောင်းကယ်ဆယ်ရေးလုပ်နေသူများကအသိပေးထားသည်။
နဝင်းချောင်းဘေးကျေးရွာများနှင့် ဆင်သေချောင်းဘေးကျေးရွာများရေဖြည်းဖြည်းချင်းတက်လာနေ၍သတိပြုကြရန် ကယ်ဆယ်ရေးလုပ်နေသူများကသတိပေးသည်။
နေပြည်တော်ရှိ ပျဥ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့သည် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သော ဖျက်အားပြင်း စစ်ကိုင်းမြေငလျင်ဒဏ်ကိုခံခဲ့ရသောဒေသများဖြစ်သည်။
ထိုအပြင် နေပြည်တော်ဝန်းကျင်ဒေသသည် ၂၀၂၄ စက်တင်ဘာလကလည်း ရာဂီဆိုင်းကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်ထန်စွာရွာသွန်းပြီး တောင်ကျချောင်းများရုတ်တရက်ကျကာ ကျေးရွာနေအိမ်များစွာ ရေလွှမ်းမိုးခဲ့ပြီး လူသေဆုံးမှုနှင့် ရုပ်ဝတ္ထုပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့သည်။
အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံဒေသအများစု၌ နေရာကွက်မိုးကြီးမည့်အခြေအနေဆက်ရှိနေပြီး ရေကြီးမှုနှင့် လေပြင်းဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။
(နေပြည်တော် တပ်ကုန်းမြို့ နှင့် တပ်ကုန်မြို့နယ်အတွင် မေ ၁၈ ညနေ နှင့် ညဦးပိုင်း ရေကြီးရေလျှံနေစဉ်။ ရုပ်သံ − Khant Phyo Hein)


Leave a Reply