ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၂၀ ရက်တွင်ပစ်ချခဲ့သည့်စစ်ကောင်စီ၏ရဟတ်ယာဉ် ၂ စီးအနက် ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်ခဲ့ရသည့် ရဟတ်ယာဉ်ကို ယနေ့(မေလ ၂၁ရက်) မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁၁) ရဲဘော်များက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ကျန်စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)သို့ စစ်ကူလာပို့သည့် ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို KIAက ပစ်ခတ်ခဲ့ရာ တစ်စီးသည် ရွှေကူမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် ပျက်ကျခဲ့ပြီး တစ်စီးသည် ရွှေကူမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။
“မနေ့ကရွှေကူမြို့ ခလရ(၅၆)မှာသွားဆင်းတဲ့ ရဟတ်ယာဉ် MI−17ကို ဒီကနေ့ ညနေပိုင်း ၂နာရီ ကျော်ကျော်လောက်မှာ KIA တပ်မဟာ(၁၁) အဖွဲ့တွေ လက်နက်ကြီးနဲ့သွားပစ်တာ ရဟတ်ယာဉ် အကုန်လုံး ပျက်စီးကြေမွှသွားပြီ။အဲဒီမှာ ရဟတ်ယာဉ်ကို ကာဗာလုပ်ထားတဲ့ သံချပ်ကာ ၂စီးရှိတယ်။ ထရပ်ကား ၂စီးရှိတယ် လေးစီးပေါ့။ အဲဒါလည်း တော်တော်ပျက်စီးသွားတယ်။ ရဟတ်
ယာဉ်ကတော့ ရစရာမရှိတော့ဘူး အကုန်လုံးကြေမွှသွားပြီ”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ရွှေကူမြို့၌အရေးပေါ် ဆင်းသက်ခဲ့ရသည့် ရဟတ်ယာဉ်မှာ ထိမှန်ပျက်စီး၍ ပျံသန်းနိုင်မှုမရှိတော့သည့် အခြေအနေတွင် KIAက ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အဆိုပါ ရဟတ်ယာဉ်အား ထပ်မံ တိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရာ ” ကျနော်လည်း ကြားပါတယ် ခင်ဗျာ။ အခြေအနေတွေ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံမရသေးတော့ အတည်ပြုမပြောသေးတာပါ။ သတင်းက စောင့်ရမှာ။ ကြားတာတော့ ကြားပါတယ်။မှန်တော့မှန်လောက်ပါတယ်။
ဒါပေမယ့် ပြည့်စုံမှုမရှိလို့ တရားဝင် မပြောတာပါ”ဟု ပြောသည်။
KIA အနေဖြင့်ရဟတ်ယာဉ် ၂ စီးထိမှန်အောင် ပစ်ခတ်နိုင်မှုကို ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုထားသည်။ တောအတွင်း ပျက်ကျသည့် ရဟတ်ယာဉ်အနီး၌ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး၏ အလောင်းကို တွေ့ရှိထားကြောင်း၊ ရွှေကူမြို့၌ အရေးပေါ်ဆင်းသည့် ရဟတ်ယာဉ်သည်လည်း ခရီးဆက်နိုင်ခြင်းမရှိဘဲရွှေကူ၌ပင်ရှိနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ယနေ့(မေလ ၂၁ရက်) နေ့လည်ပိုင်းတွင် ပြောထားသည်။
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ −Naw Tu Awng/FB)


Leave a Reply