စရဖ သတင်းပေးဆိုသူ၏သား အပါအဝင် လူ ၄ ဦးကို ULA/AA က အာမခံဖြင့်လွှတ်ပေး

အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားရသည့် စရဖသတင်းပေးဆိုသူ ဦးဝင်းအောင်၏သား ကို ရဲရန်အောင်အပါအဝင် လူလေးဦးကို အာမခံဖြင့်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။

AA က ဖွဲ့စည်းထားသည့် ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS)ဌာန၏ ဒုတိယအကြီးအကဲ မြေပုံအချုပ်စခန်းသို့ လာ ရောက်စစ်ဆေးပြီးနောက် အာမခံပေးရန် မေလ ၁၁ ရက်နေ့ကအမိန့်ပေးခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် ဦးဝင်းအောင်၏သားဖြစ်သူ ကိုရဲရန်အောင်၊ ကိုရဲရန်နိုင်၊ ဦးဝင်းမောင်၏တူတော်စပ်သူနှင့် အသိဖြစ်သူ ကိုမောင်ထွေးတို့ကို အာမခံဖြင့်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ဒု DELPS ချုပ်က လာတွေ့တယ်။ ဒါကို အာမခံ ဘာကြောင့်မပေးတာလဲဆိုပြီး အာမခံပေးဖို့ ၁၁ ရက်နေ့ ကပြောတယ်။ ၁၆ ရက်နေ့က မင်းတို့သတင်းတွေ မဇ္ဈိမ TV မှာတွေ့တယ်ဆိုပြီး စခန်းမှူးကပြောတယ်လို့ လွတ်လာတဲ့သူတွေ ပြောတယ်။ လောလောဆယ် အာမခံနဲ့လွှတ်ထားတာ။ တရားမစွဲခင်စပ်ကြား လွတ် လွတ်လပ်လပ် သွားလာလို့ရတယ်။ ဓားထောက်လုယက်တာကို ခြိမ်းခြောက်ပါတယ်ဆိုတဲ့ တိုင်စာ အပေါ် လက်မှတ်ထိုးခိုင်းတယ်။ အခုအပြင်ရောက်သွားပြီ။ ဒါပေမယ့် ဦးဝင်းအောင်တို့ အချုပ်ကိုရောက်လာရင် တော့ သူတို့လေးယောက်ကိုပြန်ခေါ်ပြီး တရားစွဲတင်မယ်တဲ့”ဟု ၎င်းကပြောသည်။

ဦးဝင်းအောင်၏သားအား ဓားထောက်လုယက်သည့် သီးခြားအမှုတခုအတွက် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနက ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၏ ပြောခွင့်ရ ခိုင်သုခက မေလ ၁၂ ရက်နေ့က ဖြေကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်(ULA/AA)တပ်ဖွဲ့ဝင်များက အမ်းမြို့နယ်၊ ညောင်ချောင်း ကျေးရွာ နေ သစ်လုပ်ငန်းရှင်ဦးဝင်းအောင်နှင့် ၎င်း၏အသိ ကိုနေမျိုးဝင်းတို့ကိုဖမ်းဆီးပြီးနောက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA) လက်အောက်ရှိ အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်မှူးနှင့် ရက္ခတိန်တိုက်နယ်မှူးတို့က မြို့နယ်အုပ်ချုပ်ရေးမှူးကခေါ်ခိုင်းသည်ဟုဆိုကာ ၎င်း၏သားနှစ်ဦးအပါအဝင် လူလေးဦးကို ဇန်နဝါရီလ ၉ ရက်နေ့ကခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ၏အဆိုအရ သိရသည်။

ဦးဝင်းအောင်ကိုမူ စစ်ကောင်စီလက်ထက်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)များအတွက် နှစ် ပေါင်းများစွာ သတင်းပေးလုပ်ခဲ့သည့်အပြင် စရဖအရာရှိများနှင့်ပေါင်းပြီး သစ်ခိုးထုတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို စရဖနှင့်ပူးပေါင်းပြီး မတရားဖမ်းဆီးနှိပ်စက်အနိုင်ကျင့် ငွေညှစ်ခြင်းများ ဆက်တိုက်လုပ်ခဲ့ သူဖြစ်ကြောင်း အထောက်အ ထားအခိုင်အမာရရှိထားသည်ဟု ခိုင်သုခက ဖြေကြားခဲ့သည်။

ထို့ကြောင့် ဦးဝင်းအောင်ကို အချုပ်သို့မပို့ဆောင်သေးဘဲ လုံခြုံရေးအရ လက်ရှိအချိန်အထိစစ်ဆေးနေပြီး ထိန်း သိမ်းထားခြင်းဖြစ်ကြောင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများပြီးမြောက်သွားပါက တရားဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးဝင်းအောင်၏သားဖြစ်သူနှစ်ဦးအပါအဝင်လေးဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကစ၍ မတ်လ ၁၆ ရက်အထိ မြေပုံရှိ DLEPS စခန်းသို့ အဆင့်ဆင့်လွှဲပြောင်းခဲ့သည်။

ဖမ်းဆီးခံထားရသူမိသားစုဝင်များက လိုက်လံဆက်သွယ်သော်လည်း နောက်ရက်တွင် လွှတ်ပေးမည်ဟု ပြောပြီး ဧပြီလ ၅ ရက်က တပ်တောင်စခန်းမှူး၊ တပ်တောင်မြို့ အမှတ်(၃)အုပ်ချုပ်ရေးမှူးနှင့် တရားသူ ကြီးထံသွားတွေ့ဆုံရာတွင် အမှုတွဲတင်၍မရသေးသဖြင့်၏ ဒေသတရားရုံး၊ ဗဟိုတရားရုံးသို့မေးပြီး အကောင်းဆုံးဖြစ်အောင်လုပ်ပေးမည်ဟုဆိုကာ ဧပြီလ ၂၂ ရက် အရောက်လာရန်မှာကြားသည်။ ယင်း နေ့ ရက်တွင်သွားရောက်သည့်အခါ တရားရုံး၌စောင့်ရန်ပြောသဖြင့် တရက်လုံးစောင့်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ၎င်းနှင့်မဆိုင်ဘဲ အထက်လူကြီးနှင့်သာလုပ်ရန်ပြောကြားခြင်းကြောင့် မေလ ၃ ရက် နေ့က နိုဗာ(၁)စစ်ဒေသ အမ်းမြို့နယ်က နိုင်ငံရေးမှူးထံတိုင်စာပေးပို့ခဲ့ကြောင်း ကိုမောင်ထွေး၏ မိသားစု ဝင်ထံကသိရသည်။

ဦးဝင်းအောင်၏သားဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးရာတွင် ကာလအတန်ကြာမှ ချုပ်ရမန်ယူခဲ့ခြင်းကြောင့် အမှန်တကယ် တရားရုံးရှေ့မှောက်တွင်တရားရင်ဆိုင်သည့်အခါ ပြစ်မှုကျူးလွန်ကြောင်းအမိန့်ချမှတ်ပါက ချုပ်ရက်များထုတ်နုတ်ခံစားရန်နစ်နာသည်ဟု လူ့အခွင့်ရေးလှုပ်ရှားသူ အထက် တန်းရှေ့နေတဦးက မေးမြန်းမှုအပေါ် ယခုဖြစ်စဉ်ကို သုံးသပ်ထောက်ပြသည်။

“ဥပဒေမှာကျတော့ ရမာန်ယူထားတဲ့နေ့တွေက ချုပ်ရက်ရတာပေါ့။ ပြစ်မှုကျူးလွန်ထားလို့ သူတို့ကို ပြစ် ဒဏ်ချလိုက်တဲ့အချိန်မှာ ချုပ်ရက်ခံစားခွင့်ရှိတယ်လေ။ အခုချုပ်ရက်က ရက်ပေါင်း ၃၀ ရမာန်နဲ့ချုပ် ထားတာ။ ကျန်တာက ရမာန်မရှိဘူး။ ဖမ်းဆီးပြီး ၁၅ ရက်ကြာမှ တရားရုံးမှာရမာန်ယူတာ။ ကျန်တဲ့ရက် တွေ အကျုံးမဝင်တော့ဘူး။ တကယ်လို့ သူတို့ပစ်မှုပြစ်ဒဏ်ပေါ်လို့အမိန့်ချတဲ့အခါ အဲဒီ ၁၅ ရက်က အကျုံး မဝင်တော့ဘူး။ ဥပဒေမဲ့ဖမ်းဆီးတဲ့ အနေအထားဖြစ်သွားတယ်။ အာမခံနဲ့လွှတ်ပေးလိုက်တဲ့ လေးယောက် က ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုရင် ပြစ်မှုချခဲ့ရင်လည်း ရက်တွေကဥပဒေနဲ့မညီဘူး”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (ULA/AA)အနေဖြင့် မတရားဖမ်းဆီးထားတာမျိုးမရှိဘဲ ပြစ်မှုကျူးလွန်သူမှန်သမျှကို ဥပဒေ၊ စည်း မျဉ်းစည်းကမ်းများနှင့်အညီ ဖမ်းဆီးစစ်ဆေးတရားစွဲတင်ပြီး ပြစ်မှုထင်ရှားလျှင် ပြစ်မှုနှင့်ထိုက်တန်မျှတ သည့် အပြစ်ဒဏ်ပေးခြင်းများလုပ်ဆောင်နေကြောင်း ဆိုသည်။

သို့သော် AA အနေဖြင့် တရားစီရင်ရေးစနစ်နှင့်ပက်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရုံးတည် ထောင်ထားကြောင်းနှင့် တရားရုံးများက စီရင်ပိုင်ခွင့်အာဏာကို မည်ကဲ့သို့ကျင့်သုံးမည်ဆိုသည့် ဥပဒေ များကို အများပြည်သူရှေ့တရားဝင်ချပြထားခြင်းမျိုး မရှိသေးပေ။

ဓာတ်ပုံ – ဦးဝင်းအောင်၏သားဖြစ်သူ ရဲရန်အောင်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *