Myanmar Net ၏ ရန်ကုန်အခြေစိုက် Frontiir ကုမ္ပဏီသည် စစ်တပ်က အင်တာနက်သုံးစွဲသူတို့ကို စောင့်ကြည့်နိုင်ရန် တရုတ်နည်းပညာသုံးပြီး ကူညီပေးနေသည်။
မြန်မာနိုင်ငံရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် Frontiir ကုမ္ပဏီသည် အင်တာနက်သုံးစွဲသူတို့၏ လုပ်ဆောင်မှုများကို ထောက်လှမ်း စောင့်ကြည့်ရန်အတွက် အလွန်အဆင့်မြင့်သည့် တရုတ်နည်းပညာကို သုံးစွဲနေသည်ဟု ယူဆရသော အချက်အလက်များရှိနေသည်။
Frontiir သည် Myanmar Net အမှတ် တံဆိပ်ဖြင့် သန်းပေါင်းများစွာသော ပြည်သူများအား အင်တာနက်ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။
ထိုကုမ္ပဏီသည် အွန်လိုင်းမှ ခြေရာခံနိုင်သော၊ ဝက်ဘ်ဆိုက်များကို ပိတ်ဆို့နိုင်သော၊ VPN အသုံးပြုမှု တားဆီးနိုင်သော စက်ပစ္စည်းများကို သုံးစွဲနေကြောင်း Myanmar Now သတင်းဌာနနှင့် ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့၏ လပေါင်းများစွာ စုံစမ်းဖော်ထုတ်မှုအတွင်း တွေ့ရှိရသည်။
ထိုကုမ္ပဏီ၏ လည်ပတ်ငွေတွင် ဥရောပနိုင်ငံတို့၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများမှ ထောက်ပံ့ထားသော ငွေများ ပါဝင်နေသည်။
Frontiir ကုမ္ပဏီက အင်တာနက်သုံးသူများကို ထောက်လှမ်းရန် အသုံးပြုသည့် နည်းပညာမှာ Geedge Networks ဟု ခေါ်သည့် တရုတ်နိုင်ငံရှိ အင်တာနက်လုံခြုံရေးကုမ္ပဏီ၏ နည်းပညာဖြစ်သည်။ ထိုကုမ္ပဏီမှာ တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများ အင်တာနက်သုံးစွဲနေမှုကို စောင့်ကြည့် ထောက်လှမ်းခြင်း၊ တရုတ်နိုင်ငံအတွင်း အင်တာနက်ကွန်ရက်များကို ဆင်ဆာဖြတ် တားမြစ်ကန့်သတ်ရာတွင် အကူအညီပေးသည့် ကုမ္ပဏီဖြစ်သည်။
ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ်အစိုးရများက ၎င်းတို့၏ နိုင်ငံတကာဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဒေါ်လာ သန်း ၄၀ ကို Frontiir ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားပြီး၊ ကုမ္ပဏီ၏ ရှယ်ယာများကိုလည်း ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရသည်။
ဒီဂျစ်တယ်နည်းပညာဖြင့် ဖိနှိပ်ခြင်း
Geedge တရုတ်ကုမ္ပဏီ အင်တာနက်ထောက်လှမ်းရေး စက်ပစ္စည်းများ ရန်ကုန်ရှိ Frontiir ၏ ဒေတာစင်တာတစ်ခုအတွင်း၌ ရှိနေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါ နည်းပညာသည် ၂၀၂၄ ခုနှစ် ဇွန်လက တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar (JFM) ၏ သီးခြားစုံစမ်းဖော်ထုတ်မှုတွင် တွေ့ရှိရသည့် နည်းပညာနှင့် တူညီပုံရသည်။
JFM သို့ ပေါက်ကြားလာသော စာရွက်စာတမ်းများအရ မြန်မာစစ်ကောင်စီတွင် Geedge ၏ စက်ပစ္စည်း ရှိနေသည်။ အွန်လိုင်းတွင် ပေးပို့နေကြသည့်အကြောင်း အရာများကို ကြားဖြတ်ဖမ်းယူစောင့်ကြည့်ခြင်း၊ လျှို့ဝှက်သင်္ကေတသုံးပြီးဆက်သွယ်ထားမှုများကို ဖော်ထုတ်လေ့လာခြင်း၊ ၎င်းတို့မနှစ်သက်သည့် ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ခြင်း၊ VPN မသုံးနိုင်ရန် တားဆီးခြင်း စသည့် လုပ်ငန်းများတွင် ထိုပစ္စည်းကို အသုံးပြုနေကြောင်း တွေ့ရှိရသည်။ (စစ်ကောင်စီသည် Myanmar Now သတင်းဌာန၏ အင်တာနက်စာမျက်နှာကိုလည်း မြန်မာနိုင်ငံတွင် ပိတ်ဆို့ထားသည်)
လွန်ခဲ့သော လေးနှစ်ကျော်က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဒီဂျစ်တယ် လွတ်လပ်ခွင့်ကို ရက်ရက်စက်စက် ဖိနှိပ်လာသလို လူထောင်ပေါင်းများစွာ သေဆုံးကာ သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့သည်။
အာဏာသိမ်းပြီးချိန်မှစ၍ အွန်လိုင်းတွင် စစ်ကောင်စီကို ဝေဖန်ခြင်း သို့မဟုတ် အတိုက်အခံ အဖွဲ့များကို ထောက်ခံကြောင်း ရေးသားခြင်းကြောင့် လူ နှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆိုသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် နော်ဝေ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Telenor က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်တွင် ဥပဒေအရကြားဖြတ်ဖမ်းယူထောက်လှမ်းခြင်း စနစ်ကို ထည့်သွင်းရန် စစ်ကောင်စီက တောင်းဆိုလာသောကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့သည်။ စစ်ကောင်စီ၏ တောင်းဆိုချက်အတိုင်း လိုက်နာဆောင်ရွက် ပါက နော်ဝေနှင့် နိုင်ငံတကာက ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများကို ချိုးဖောက်ရာ ရောက်မည်ဟု Telenor က ဆိုသည်။
Telenor တွင် လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းဟောင်းတစ်ဦးကလည်း ယနေ့အချိန်တွင် အင်တာနက်ဝန်ဆောင်မှုပေးသည့်မည်သည့်ကုမ္ပဏီမဆို အင်တာနက်သုံးသူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းရန် စစ်ကောင်စီအာဏာပိုင်များအား မကူညီဘဲ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ရေး ဆိုသည်မှာ လုံးဝနီးပါး ဖြစ်နိုင်ခြေမရှိဟု ဆိုသည်။
စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည့် ဒေသများတွင် အင်တာနက်ဖြတ်ထားသည်။ မတ်လအတွင်း ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိသော ငလျင်ကြီး လှုပ်ခတ်ခဲ့သည့် အချိန်မှာပင် အင်တာနက် ဖြတ်တောက်ထားရာ ကယ်ဆယ်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်စေခဲ့သည်။
“ပြည်သူတွေအတွက် မကောင်းပါဘူး”
ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ် တွေ့ရှိချက်များကြောင့် Frontiir တွင် ရှယ်ယာများ ပိုင်ဆိုင်ထားသော ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ်အစိုးရများ အခက်တွေ့ကြဖွယ် ရှိသည်။ ယင်းအစိုးရတို့၏ ရန်ပုံငွေထောက်ပံ့မှုများကြောင့် Frontiir ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လျင်မြန်စွာ ကြီးထွားလာခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ မြန်မာနိုင်ငံ၏ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ ISP များအနက် တစ်ခုဖြစ်လာသည်။
Frontiir ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၎င်းတို့၏ ကွန်ရက်ပေါ်တွင် စောင့်ကြည့် ထောက်လှမ်းခြင်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ တပ်ဆင်တည်ဆောက်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပုံစံထည့်သွင်းခြင်းတို့ကို မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ယင်းကဲ့သို့ စွပ်စွဲချက်များသည် လည်း “လုံးဝမှားယွင်းကြောင်း” တုံ့ပြန် ပြောကြားခဲ့သည်။
ထို့ပြင် Frontiir က ၎င်းတို့၏ လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသည့် ဥရောပ ရင်းနှီးမြှုပ်နှံသူများကိုလည်း မြန်မာအာဏာပိုင်များသည် “အင်တာနက် ဆက်သွယ်ရေးများကို ကြားဖြတ်ရန် သို့မဟုတ် လျှို့ဝှက် ဆက်သွယ်မှုများကို ဖော်ထုတ်ရန် ၎င်းတို့၏ ကွန်ရက်ကို မည်သည့်အခါကမျှ အသုံးပြုခဲ့ ခြင်း မရှိကြောင်း” ပြောကြားထားသည်။
ဗြိတိန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ဖြစ်သော ‘ဗြိတိန်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ (British International Investments-BII) သည် Frontiir ၏ မိခင်ကုမ္ပဏီ စင်္ကာပူအခြေစိုက် Frontiir Singapore ကုမ္ပဏီလီမိတက်တွင် ဒေါ်လာ ၂၆ သန်း ရင်းနှီးမြှုပ်နှံ ထားသည်။ နော်ဝေအစိုးရပိုင် နိုင်ငံတကာငွေကြေးရင်းနှီးမြှုပ်နှံရေး Norfund အဖွဲ့ကလည်း Frontiir ကုမ္ပဏီတွင် ခရိုနာ ၂၆ ဒသမ ၉ သန်း (ဒေါ်လာ သုံးသန်း) ရင်းနှီးမြှုပ်နှံထားသကဲ့သို့ ဒိန်းမတ် နိုင်ငံပိုင် နိုင်ငံတကာငွေကြေးရင်းနှီးမြှုပ်နှံရေး IFU ကလည်း Frontiir ရှယ်ယာများတွင် ဒိန်းမတ် ခရိုနာ ၇၀ ဒသမ ၁ သန်း (ဒေါ်လာ ၁၀ ဒသမ ၅ သန်း) အသီးသီး ထည့်ဝင်ထားသည်။
ယခုအခါ ရန်ပုံငွေများ၏ ရှယ်ယာတန်ဖိုးသည် ရင်းနှီးမြှုပ်နှံထားသော ပမာဏထက် နည်းပါး သွားပြီဟု ယူဆရသည်။ ထို့ကြောင့် အစုရှယ်ယာများကို ပြန်လည် ရောင်းချပါက အရှုံးပေါ်မည်ဖြစ် သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ၂၀၁၉ ခုနှစ်တွင် ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။ ထိုမတိုင်မီကပင် ဗြိတိန်၊ နော်ဝေနှင့် ဥရောပသမဂ္ဂတို့သည် ၎င်းတို့၏ကုမ္ပဏီများ အင်တာနက် စောင့်ကြည့် ထောက်လှမ်းရေးဝန်ဆောင်မှု သို့မဟုတ် ထိုသို့ပြုလုပ်နိုင်မည့် စက်ပစ္စည်း မြန်မာအာဏာပိုင်များသို့ မပေးရန် ကန့်သတ်ပိတ်ဆို့ထားပြီးဖြစ်သည်။
Myanmar Now နှင့် Finance Uncovered တို့ ၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများကို မေးမြန်းခဲ့သည်။ မြန်မာအာဏာပိုင်များ အင်တာနက်တွင်ကြားဖြတ် ထောက်လှမ်း၊ စောင့်ကြည့်ရာတွင် ၎င်း၏ ကွန်ရက်ကို သုံးစွဲခြင်းမရှိဟု Frontiir က အာမခံခဲ့ကြောင်း BII, Norfund နှင့် IFU တို့က တုံ့ပြန်ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတို့က Frontiir သည် စျေးသက်သာသော အင်တာနက်ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းကြီးဖြစ်ကြောင်း၊ ၎င်းတို့၏ ရှယ်ယာများကို ရောင်းချရန် အစီအစဉ်မရှိကြောင်း အလေးထား ပြောကြားခဲ့သည်။
“Frontiir မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရှယ်ယာတွေကို ရောင်းလိုက်ရင် ကုမ္ပဏီအတွက်ရော မြန်မာပြည်သူတွေအတွက်ပါ ဆိုးရွားပါလိမ့်မယ်” ဟု BII ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“လုံခြုံရေးနှင့် စုံစမ်းထောက်လှမ်းရေး”
Geedge ကုမ္ပဏီသည် ကမ္ဘာအနှံ့ကွန်ရက်လုံခြုံရေး၊ ထောက်လှမ်းရေးပစ္စည်းများနှင့် လုပ်ကိုင် ဆောင်ရွက်သည့် နည်းလမ်းများကို ပံ့ပိုးပေးနေသည့် ကုမ္ပဏီကြီးဖြစ်ကြောင်း ပေကျင်းရှိ ၎င်း၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနရုံးက ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားထားသည်။
Geedge ကုမ္ပဏီကို ပူးတွဲတည်ထောင်သူမှာ Fang Binxing (ဖန်ပင်ရှင်း) ဆိုသူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူသည် အင်တာနက်ဆင်ဆာဖြတ်တောက်ရေးစနစ်များအနက် ကမ္ဘာပေါ်တွင် နာမည်အဆိုးဆုံးဖြင့် ကျော်ကြားသည့် စနစ်ကြီးများအနက်မှ တစ်ခုဖြစ်သော တရုတ်၏ မဟာမီးတံတိုင်းကြီး (Great Firewall) စနစ်ကို တည်ဆောက်ခဲ့သူဖြစ်သည်။
Geedge ကုမ္ပဏီက ကုဒ်ဖြင့် ဝှက်ထားသော စာများ အင်တာနက်ပေါ်တွင် အသုံးပြုခြင်းကို မြင်တွေ့နိုင်သည့် ဝန်ဆောင်မှုကို ကမ္ဘာတစ်ဝှမ်းရှိ မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီများသို့ ပေးနေသည်ဟု ဆိုထားသည်။
စစ်ကောင်စီ၏ အဆင့်မြှင့်တင်ထားသော အင်တာနက်ထောက်လှမ်းရေး စနစ်တွင် Geedge ကုမ္ပဏီ ၏ Tiangou Secure Gateway (TSG) အင်တာနက်ထိန်းချုပ်ဖြန့်ဖြူးသည့်စနစ် သုံးစွဲထားကြောင်း ယမန်နှစ်က ပေါက်ကြားလာသည့်အချက်အလက်များကို အခြေပြုထားသည့် JFM ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
TSG စနစ်သည် ကွန်ရက်နယ်နိမိတ် လုံခြုံရေးအတွက် တစ်နေရာတည်းတွင် အပြီးအစီး ဆောင်ရွက်နိုင်သည့်စနစ် ဖြစ်သည်ဟု Geedge က ဆိုထားသည်။ ထိုစနစ်တွင် ဒေတာများကို အနုစိတ် ထဲထဲဝင်ဝင် စစ်ဆေးနိုင်သည့် စွမ်းရည်ရှိသည်။ နမူနာဆိုရပါလျှင် အီးမေးလ်တစ်စောင်ကို စစ်ဆေးလိုက်ပါက ပါဝင်သည့် အကြောင်းအရာနှင့် အသုံးပြုသူ၏ အင်တာနက်ပေါ်တွင်လှုပ်ရှားနေမှု အသေးစိတ်အချက်အလက်များ ဖမ်းယူခြင်း၊ ကုဒ်ဖြေခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပြုလုပ်နိုင်သည်။ အဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုများကို တန်ပြန်ရန်၊ လူအများ၏ ဆက်သွယ်ပြောဆိုမှုကို စောင့်ကြည့်ရန်၊ ခိုးနားထောင်ရန်အတွက်လည်း အဆိုပါနည်းပညာကို အသုံးပြုနိုင်သည်။
ထိုစနစ်ကို Frontiir ကုမ္ပဏီ၏ ရန်ကုန်အရှေ့ပိုင်းရှိ ကိုယ်ပိုင် ဒေတာ စင်တာရုံးတွင် တပ်ဆင်ထားကြောင်း ယုံကြည်ရသော သတင်းရင်းမြစ်များ၊ သတင်းအချက်အလက်များ အရ သိရသည်။ ကုမ္ပဏီ၏ လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ရှိသူ သတင်းရင်းမြစ်၏ အဆိုအရ ယခုကဲ့သို့ပြုလုပ်ထားမှုကြောင့် စစ်ကောင်စီသည် အွန်လိုင်းအသုံးပြုမှု စောင့်ကြည့်နိုင်သလို၊ အင်တာနက်တွင်ရှိသည့် ကိစ္စရပ်အများစုကို ကြားဖြတ်ထောက်လှမ်းနိုင်ကြောင်း သိရှိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း Geedge ကုမ္ပဏီက တုံ့ပြန်ခဲ့ခြင်းမရှိပေ။
စစ်ကောင်စီသည် Myanmar Net တွင်သာမက မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး၊ အင်တာနက် ဝန်ဆောင်မှုများ အားလုံးတွင် ဝက်ဘ်ဆိုဒ်အသုံးပြုမှုကို အဝေးမှ စောင့်ကြည့်နိုင်သည့် နည်းပညာ ထည့်သွင်းကာ ၎င်း၏ ဆိုက်ဘာလုံခြုံရေးအဖွဲ့အတွက် အသုံးပြုနေသည်ဟု ဒီဂျစ်တယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
“စစ်ကောင်စီဟာ အခု ကွန်ရက် လှုပ်ရှားမှုတွေကို တိုက်ရိုက် ကြည့်ရှုနိုင်တဲ့ စွမ်းရည်ရှိလာပါပြီ။ သူတို့ ကိုယ်တိုင် သွားလုပ်နေဖို့တောင် မလိုပါဘူး၊ သူတို့မှာ ကိုယ်ပိုင် စောင့်ကြည့်ရေးရုံး ရှိနေပါပြီ” ဟု ထင်ရှားသည့် ဒီဂျစ်တယ် အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Access Now မှ အာရှပစိဖိတ် မူဝါဒလေ့လာဆန်းစစ်သူ မဝေဖြိုးမြင့်က ပြောကြားသည်။
အရေးပေါ် စုံစမ်းစစ်ဆေးခြင်း
Frontiir က မြန်မာအစိုးရ၏ အမိန့်ဖြင့် ဝက်ဘ်ဆိုက်ထောင်ပေါင်းများစွာကို ဆင်ဆာဖြတ်နေကြောင်း FU နှင့် Myanmar Now တို့က ၂၀၂၀ ပြည့်နှစ်တွင် သတင်းရေးသားခဲ့စဉ် ထိုအကြောင်း နှင့် ပတ်သက်၍ ဗြိတိန်လွှတ်တော်တွင် ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့သည်။
ထိုအချိန်က CDC Group ဟု သိကြသော ဗြိတိန်၏ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့က အရေးပေါ် စုံစမ်းစစ်ဆေးပေးမည်ဟု ကတိပြုခဲ့သည်။
သို့ရာတွင်မူ CDC သည် Frontiir ရှိ ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ ရှယ်ယာများကို ရောင်းထုတ် လိုက်ရမည့်အစား ထိုကုမ္ပဏီတွင် နောက်ထပ် ဒေါ်လာ ၃ သန်းပင် ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့သည်။
Frontiir ကုမ္ပဏီကို အမေရိကန်နိုင်ငံသားသုံးဦးက တည်ထောင်ခဲ့ပြီး ၎င်းတို့အနက် ဦးစီးသူမှာ မြန်မာပြည်ဖွား Godfrey Tan ဆိုသူသည် မန်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) ကျောင်းဆင်းဖြစ်သည်။ ကုမ္ပဏီကို ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲကာလတွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ထိုအချိန်က မြန်မာနိုင်ငံတွင် တစ်နေ့တခြား များပြားလာသည့် အင်တာနက်သုံးသူတို့ကို မြန်မာစစ်တပ်က လျှိူ့ဝှက်စောင့်ကြည့်နေသည်ဟူသော စိုးရိမ်မှုလည်း စတင် ကြီးထွားနေပြီဖြစ်သည်။
၂၀၁၆၊ ၂၀၁၇ ရိုဟင်ဂျာမွတ်စလင်တို့ကို စစ်တပ်က သတ်ဖြတ်သည့် စီမံချက်များ ပေါ်ပေါက် လာခြင်းကြောင့် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က အင်တာနက်ထောက်လှမ်းရေးတွင် ၎င်းတို့နိုင်ငံ၏ ကုမ္ပဏီများ မည်သည့် ဝန်ဆောင်မှုမှ မြန်မာကို မပေးရန် ပိတ်ဆို့ကန့်သတ်ခဲ့သည်။
ထိုပိတ်ဆို့ခဲ့လင့်ကစား နော်ဝေ၊ ဒိန်းမတ်နှင့် ဗြိတိန်နိုင်ငံတိုသည့် ၂၀၁၉ ခုနှစ်တွင် Frontiir တွင် ရင်းနှီးမြုပ်နှံကြရုံမျှမက ထိုကုမ္ပဏီက အင်တာနက်သုံးစွဲသူများကို ထောက်လှမ်းနိုင်သည့် အဆိုပြုချက် မြန်မာအာဏာပိုင်များသို့ တင်သွင်းခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်ပင် ထပ်တိုးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။
“ဥပဒေဘောင်အတွင်းမှ ကြားဖြတ်ထောက်လှမ်းခြင်း”
ဗြိတိန် BII က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို Frontiir ၌ တိုးမြှင့်ပြီး ရက်အနည်းငယ်အကြာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် Myanmar Net သည် ‘ဥပဒေနှင့်အညီ ကြားဖြတ်နိုင်သည့်စနစ်’ ဟူသော အဆိုပြုချက်ကို မြန်မာအာဏာပိုင်များထံ တင်ပြခဲ့သည်။
ယင်းစနစ်အရ အာဏာပိုင် အဖွဲ့အစည်းတို့သည် Myanmar Net အသုံးပြုသူတို့၏ တည်နေရာများကို ခြေရာခံနိုင်မည်၊ ၎င်းတို့၏ မက်ဆေ့ချ်များနှင့် အီးမေးလ်များကို ဖတ်နိုင်မည်၊ ထို့အပြင် အချင်းချင်းပေးပို့သည့် အသံ သို့မဟုတ် ရုပ်ပုံများကို ကြားဖြတ် ဖမ်းယူရရှိနိုင်မည်ဖြစ်သည်။
Myanmar Net သည် ကြားဖြတ်သိရှိရသည့် အချက်အလက်များနှင့် ဆက်သွယ်သည့် အကြောင်းအရာများကို အာဏာပိုင်များကို လွှဲပေးနိုင်ရန် သီးသန့်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးပေးမည်ဟု အဆိုပြုခဲ့ကြောင်း သိရှိရသည်။ ထိုအဆိုပြုချက် မိတ္တူတစ်စုံကို ရရှိထားသည်။

ထိုအဆိုပြုချက်တွင် တရားဝင်တောင်းဆိုသည့်စာဖြင့် တင်ပြလာတိုင်း Myanmar Net သည် အင်တာနက်သုံးစွဲသူတို့၏ နှစ်ပတ်စာလှုပ်ရှားမှုများကို ကြားဖြတ်ရယူပြီး အာဏာပိုင် အဖွဲ့များ သို့ ပေးမည်ဟု ကမ်းလှမ်းထားသည်။
“ဤကြားဖြတ်ဖမ်းထားသည့် အချက်များကို လွှဲပြောင်းပေးမည့် နည်းလမ်းသုံးမျိုးနှင့် အသေးစိတ် အချက်အလက်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ဤအဆိုပြုလွှာတွင် ဖော်ပြထားသည်။ ထို့ပြင် Myanmar Net အနေဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ဥပဒေနှင့်အညီ ကြားဖြတ်အချက်အလက်ရယူသည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လေးနက်စွာ ထည့်သွင်းအဆိုပြုထားသည်”ဟု အဆိုပြု စာရွက်စာတမ်းတွင် ဖော်ပြထားသည်။
အချက်အလက်များအား ကြားဖြတ်ထောက်လှမ်းဖမ်းယူသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက် နေသည်ဆိုခြင်းကို Frontiir က မူလတွင် ငြင်းဆိုခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက် ထားသော ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ အာဏာပိုင်များထံ ထိုသို့လုပ်ဆောင်ချက်များလုပ်ဆောင်ပေးရန် အဆိုပြုချက်ကို ပေးပို့ခဲ့ကြောင်း Frontiir က ဆိုသည်။
ထိုအဆိုပြုလွှာတွင် Myanmar Net က ကြားဖြတ်အချက်အလက်ရယူရန် တောင်းဆိုမှုများသည် အလွန်ထိလွယ်ရှလွယ် ကိစ္စဖြစ်ကြောင်း၊ တောင်းဆိုမှုတစ်ခုစီတွင် တရားဝင် ဝရမ်းထုတ်ပေးမှု လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မပါရှိပါက ၎င်းတို့ကုမ္ပဏီအနေဖြင့် ဥပဒေဆိုင်ရာ အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားသည်။
“အချက်အလက်များ တရားဝင် ကြားဖြတ်ယူခြင်းသည် အလွန်စွမ်းရည်မြင့်သည့် လက်နက်ဖြစ်ပြီး ထိုလုပ်ဆောင်မှုပြုရာတွင် Myanmar Net အနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုက်နာရန် ကတိပြုသည်” ဟု ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်စွဲပါ စာရွက်စာတမ်းတွင် ဖော်ပြထားသည်။
“(ကြားဖြတ်အချက်အလက်များကို ဖမ်းယူခြင်းစနစ်တွင်) အလွဲသုံးစားလုပ်မှုများကို လျှော့ချရန်နှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အခွင့်အရေးများကို ကာကွယ်ရန်အတွက် လိုအပ်သည့် ထိန်းချုပ်မှုများ ရှိစေရန် Myanmar Net က အမြင့်ဆုံးသော သတိထားမှုနှင့် အထူး ဂရုစိုက်ပေးရ မည်” ဟုလည်း ဖော်ပြထားသည်။
သို့သော် Myanmar Net က ၎င်း၏ အဆိုပြုချက် တင်ပြပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်ပင် ထိုအချိန်က မြန်မာနိုင်ငံအတွင်း အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် တယ်လီနော (Telenor) ကုမ္ပဏီက မြန်မာအာဏာပိုင်များသည် တရားရုံး၊ ရဲဌာနအဆင့်ဆင့်က မှန်ကန်စွာစိစစ်ပြီးမှ အချက်အလက်များကို တောင်းဆိုရသည့်အခြေအနေကို လိုလားမှု မရှိတော့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုအစား အာဏာပိုင်များက ဆက်သွယ်ရေးကုမ္ပဏီများ၏ အင်တာနက်ဖြန့်ဖြူးသည့် ISP စနစ်များ ကို တိုက်ရိုက်ထိန်းချုပ်ခွင့်ရယူပြီး အင်တာနက်နှင့် ဖုန်းသုံးစွဲသူတို့၏ လှုပ်ရှားမှုများကို တံခါးမရှိ ဓားမရှိ ရယူရန်ဆန္ဒရှိနေကြောင်း တယ်လီနောက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။
“ဥပဒေစည်းမျဥ်းကွပ်ကဲမှုတွေမရှိတော့ပါက ထိုအခြေအနေသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ ဝန်ဆောင်မှု သုံးစွဲသူများ၏ လူ့အခွင့်အရေးရပိုင်ခွင့်များအား ချိုးဖောက်ရာ ရောက်မည်ဖြစ်သကဲ့သို့ တလွဲအသုံးချလိုသူများအတွက်လည်း အခွင့်ပေးသကဲ့သို့ ဖြစ်နိုင်ပါမည်” ဟု တယ်လီနော ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများ၏ အွန်လိုင်းလုံခြုံရေး အတွက် ဥပဒေအရ အကာအကွယ်များထားရှိရန် လုပ်ဆောင်ချက်အားလုံးကို ဖျက်သိမ်းခဲ့ပြီး ယခင်အဆိုပြုထားခဲ့သည့် ဥပဒေဖြင့်အချက်အလက် ကြားဖြတ်ခြင်းစနစ်ကိုလည်း လုပ်ဆောင်ခဲ့ခြင်းမရှိတော့ပေ။ ယင်းအစား စစ်ကောင်စီသည် ဝက်ဘ်ဆိုက်များကို ပိတ်ဆို့ခြင်း၊ မြို့နယ်များကို အင်တာနက်ဖြတ်တောက်ခြင်းနှင့် အသုံးပြုသူများကို လျှို့ဝှက်ထောက်လှမ်းခြင်း များဖြင့် အင်တာနက်အပေါ် ထိန်းချုပ်မှုကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
စစ်အာဏာသိမ်းသည့်နေ့တွင် စစ်တပ်၏ အမိန့်ဖြင့် Frontiir သည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၏ စီးပွားရေး အချက်အချာနေရာများတွင် အင်တာနက် ဖြတ်တောက်ခဲ့သည်။ ထိုအချိန်မှစ၍ Facebook၊ Twitter (ယခု X) နှင့် Instagram အပါအဝင် အွန်လိုင်းလူမှုကွန်ရက်များအပြင် လွတ်လပ်သော မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ဝက်ဘ်ဆိုက်များကိုလည်း အခါအားလျော်စွာ ပိတ်ဆို့နေသည်။
အမြတ်အစွန်းများ တရှိန်ထိုးတက်လာခြင်း
နိုင်ငံရေး မတည်ငြိမ်မှုသည် Frontiir ၏ အမြတ်အစွန်းအပေါ် အပြောင်းအလဲ အနည်းငယ်သာ ရှိပုံရသည်။
ပေါက်ကြားလာသည့် ကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်းများအရ သိရှိလိုက်ရသည်မှာ Frontiir ကုမ္ပဏီ၏ အခွန်ဆောင်ပြီး အမြတ်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ဆုံးသည့်နှစ်တွင် ဒေါ်လာ ၇ ဒသမ ၁ သန်းအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ဒေါ်လာ ၂၇၀,၀၀၀ ခန့် သာ လျော့နည်းခဲ့သည်။
ကုမ္ပဏီ၏ စာရင်းများအရ ထိုနောက်ပိုင်း ခြောက်လအတွင်း အသုံးပြုသူအသစ်များ လျင်မြန်စွာ တိုးလာသောကြောင့် အခွန်ဆောင်ပြီး အမြတ်သည် ဒေါ်လာ ၄ ဒသမ ၈ သန်းအထိ မြင့်တက် ခဲ့သည်။
မြန်မာနိုင်ငံရှိအခြေအနေသည် အာဏာသိမ်းအပြီး ဆိုးရွားလှသည့် ပြည်တွင်းစစ်အဖြစ်သို့ ပြောင်းလဲ သွားချိန် Frontiir ၏ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ ကုမ္ပဏီသည် စစ်ကောင်စီ၏ အင်တာနက်ထောက်လှမ်းစောင့်ကြည့်ရေးတွင် တာဝန်ရှိသည့် အစိုးရဌာန တစ်ခုကိုလည်း အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးခဲ့သည်။
ပေါက်ကြားလာသည့် ကုမ္ပဏီ၏ စာတစ်စောင်တွင် ကုမ္ပဏီအကြီးတန်း မန်နေဂျာတစ်ဦးက ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဌာန တည်ရှိသော အဆောက်အအုံအတွက် fibre-optic cables ကေဘယ်ကြိုးများ ကုမ္ပဏီက တပ်ဆင်ပြီးဖြစ်ကြောင်း ရေးသားခဲ့သည်။
“လုပ်ငန်းလည်ပတ်မှုဆိုင်ရာ နောက်ဆုံးအခြေအနေအဖြစ် Frontiir ၏ ဖိုင်ဘာဆက်သွယ်မှုသည် နေပြည်တော် S12 Exchange အချက်အလက်လဲလှယ်ရေးစခန်းသို့ ရောက်ရှိပြီး လုပ်ငန်းများကို ဆောင်ရွက်နေသည်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူထားသော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ စာတွင် ဖော်ပြထားသည်။
သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာနသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် Frontiir ၏ ကေဘယ်လ်များကို ဆက်လက်အသုံးပြု ထားသည်ဟု နားလည်ရပါသည်။
ဖိုင်ဘာဆက်ကြောင်း များနှင့်ပတ်သက်၍ အကြိမ်ကြိမ်မေးမြန်းခဲ့သော်လည်း Frontiir က ပြန်လည် ဖြေဆိုထားခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်သဘောတူညီချက် အစိတ်အပိုင်းအရ ကေဘယ်လ်များ တပ်ဆင်ရန် လိုအပ်ကြောင်း Frontiir က ပြောခဲ့သော်လည်း ၎င်းကေဘယ်လ်များ ကို အမှန်တကယ် အသုံးပြုခြင်း မရှိခဲ့ကြောင်း နောဝေ၊ ဒိန်းမတ်နှင့် ဗြိတိန်တို့၏ Norfund, IFU နှင့် BII အဖွဲ့များက ဆိုသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ အကြီးအကဲဟောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဆိုက်ဘာ လုံခြုံရေး အဖွဲ့၏ အကြီးအကဲတို့ နှစ်ဦးစလုံးတို့ကို မေးမြန်းရာ ၎င်းတို့က Frontiir ၏ ပါဝင် ပတ်သက်မှုနှင့် ပတ်သက်၍ မသိရှိကြောင်းသာ ငြင်းဆိုခဲ့ကြသည်။
ပိတ်ဆို့အရေးယူမှုဆိုင်ရာ အားနည်းချက်များ
ဗြိတိန်၊ နော်ဝေနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုများတွင် ၎င်းတို့နိုင်ငံများမှ ကုမ္ပဏီများ မြန်မာအာဏာပိုင်တို့ထံ အင်တာနက် စောင့်ကြည့်ရေး စက်ပစ္စည်းများ ပေးခြင်း၊ ဆက်သွယ်မှုများကို စောင့်ကြည့်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများပေးခြင်း မပြုလုပ်ကြရန် ပြတ်ပြတ်သားသား တားမြစ်ထားသည်။
ထိုနိုင်ငံများက ၎င်းတို့နိုင်ငံများရှိ ကုမ္ပဏီများကိုသာ တားမြစ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အလားတူဝန်ဆောင်မှုပေးနိုင်သည့် ကုမ္ပဏီများ သွားရောက်ရင်းနှီးမြှုပ်နှံခြင်းကိုမူ တားမြစ်မှု မရှိကြောင်း ရှေ့နေများက ပြောကြားသည်။
ထို့ကြောင့် ဗြိတိန်က Frontiir ရှိ ဒေါ်လာ ၂၆ သန်းတန် ရှယ်ယာ၊ နော်ဝေနှင့် ဒိန်းမတ်တို့၏ နောက်ထပ် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့ အစိုးရများ ကိုယ်တိုင်ချမှတ် ထားသည့် တားမြစ် အရေးယူမှုများကို ချိုးဖောက်ပုံမပေါ်သည့် အနေအထား ဖြစ်နေသည်။
ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူတို့က Frontiir သည် မြန်မာစစ်ကောင်စီ၏ စောင့်ကြည့်မှုကို ခွင့်ပြုခြင်း သို့မဟုတ် ကွန်ရက် အသုံးပြုသူတို့၏ အချက်အလက်များကို အာဏာပိုင်များထံ လွှဲပြောင်းပေးခြင်း မရှိခဲ့ကြောင်း ၎င်းတို့ကို သေသေချာချာပြောဆိုထားသည်ဟု ဆိုသည်။
နိုင်ငံတကာ ကုမ္ပဏီများကို စူးစမ်းလေ့လာသည့်၊ နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည့် SOMO အဖွဲ့မှ သုတေသီတစ်ဦးဖြစ်သူ Joseph Wilde-Ramsing ကမူ ရင်းနှီးမြှုပ်နှံသူတို့၏ တုံ့ပြန်မှုတွင် အားနည်းချက်များရှိနေကြောင်း ပြောကြားသည်။
ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ်တို့သည် Frontiir နှင့် ၎င်းတို့၏ ဆက်ဆံရေးတွင် စီးပွားရေး ပူးပေါင်းမှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့(OECD) က ထုတ်ပြန်သော နိုင်ငံတကာစံနှုန်းများနှင့် မူဝါဒ ညွှန်ကြားချက်များတွင် ပါဝင်သည့် တာဝန်သိသော စီးပွားရေးဆိုင်ရာ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်နေသည်ဟု ဆိုသည်။
OECD အဖွဲ့ဝင်များ ဖြစ်သည့် ထိုသုံးနိုင်ငံစလုံးအတွက် ဥပဒေအရလိုက်နာဆောင်ရွက်ရန်လိုသော စည်းမျဉ်းများအရ ရင်းနှီးမြှုပ်နှံသူတို့သည် ကုမ္ပဏီများ လူ့အခွင့်အရေး မချိုးဖောက်ကြစေရေးအတွက် ၎င်းတို့၏ သြဇာအာဏာကို အသုံးပြုရန် တာဝန်ရှိသည်ဟု သူက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ လူတွေ အသတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ ပြန်ပေးဆွဲခံရတာတွေ ဖြစ်နေတော့ ကုမ္ပဏီတွေအနေနဲ့ ဘယ်လောက်မြန်မြန် လုပ်ဆောင်ရမလဲ၊ ဘယ်လောက် ပွင့်လင်းမြင်သာမှု ရှိရမလဲ၊ ဘယ်လောက် ခိုင်မာအားကောင်းမှု ပြရမလဲဆိုတဲ့ တာဝန်က ကြီးမားပါတယ်” ဟု သူက ပြောသည်။
သတင်းထောက်များထံ ရေးသားပေးပို့သည့် စာထဲတွင်မူ BII, Norfund နှင့် IFU တို့က OECD လမ်းညွှန်ချက်များကို ၎င်းတို့လိုက်နာကြောင်း ဖော်ပြထားသည်။


Leave a Reply