FAV အသေခံဒရုန်းဖြင့်တိုက်ခိုက်၍ ဗန်းမော်၌ စစ်ကောင်စီရဟတ်ယာဥ် ပျက်ကျခြင်းဖြစ်

FAV အသေခံဒရုန်းဖြင့်တိုက်ခိုက်၍ ဗန်းမော်၌ စစ်ကောင်စီရဟတ်ယာဥ် ပျက်ကျခြင်းဖြစ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်( KIA)နှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်၍ ရွှေကူမြို့နယ်၊ စည်ငန်းရွာအနီး တောအတွင်း၌ ပျက်ကျခဲ့ရသည့် စစ်ကောင်စီ၏ Mi 17 ရဟတ်ယာဥ်သည် KIA ၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်ကျသွားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ရုပ်သံဖိုင်နှင့်အတူ ကချင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ (မေလ ၂၂ ရက်) တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ဗန်းမော်မြို့၌ စစ်ကောင်စီရဟတ်ယာဥ်တိုက်ခိုက်ခံရပြီး ပျက်ကျသွားသည့် ရုပ်သံမှတ်တမ်း၌ ဒရုန်းတစီးသည် ပျံသန်းလာသည့် ရဟတ်ယာဥ်၏ ပန်ကာလေဒလတ်ထံ ဦးတည်ပျံသန်းကာ ဝင်တိုက်လိုက်သည်ကို မြင်တွေ့ရသည်။

“သူတို့လေယာဥ်ဆင်းတာ မြစ်ဘေးမှာပဲ ဆင်းတာဟုတ်တယ်။ အဲ့ဒီရုပ်သံဖိုင်က အစစ်ပဲ။ လေယာဥ်နှစ်စင်းကလည်းဟုတ်တယ် ၊ ဘေးတိုက်ရပ်ထားတာ။ တစင်းက ပျံနေတာ၊ တစင်းကအောက်မှာ။ အဲ့မှာ ဒရုန်းနဲ့တိုက်ပြီးမှ ပန်ကာသွားရိုက်တယ် ဖြစ်သွားလိမ့်မယ်။ အဲ့တာက suicide drone( အသေခံဒရုန်း) ဟုတ်တယ်” ဟု ဗန်းမော်မြို့တွင်ရှိနေသည့် KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် မေလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များကို ဗန်းမော်မြို့ရှိ KIA၊ PDF ပူးပေါင်းတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း စသဖြင့် လက်နက်မျိုးစုံအသုံးပြု၍ ပစ်ခတ်ခဲ့ကြကာ တောအတွင်း၌ ပျက်ကျသွားခဲ့သည့် ရဟတ်ယာဥ်သည် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပျက်ကျသွားခြင်းဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“ဒရုန်းနဲ့ပစ်တာတော့ အဓိက ထိသွားတာ။ ကျန်တဲ့ လက်နက်ကြီးနဲ့ပစ်တာ မော်တာတွေနဲ့ပစ်တာတွေလည်းရှိတယ်လို့ပြောချင်တာ။ ဒါပေမယ့် တောထဲမှာ ကျသွားတဲ့ တစီးကတော့ ဒရုန်းနဲ့ပစ်တာ ထိသွားတာ” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။ ဗန်းမော်မြို့အခြေစိုက် စကခ(၂၁)သို့ စစ်ကူလာပို့သည့် စစ်ကောင်စီရဟတ်ယာဉ်သုံးစင်းအနက်မှ နှစ်စင်း ကို KIA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဟတ်ယာဥ်နှစ်စီးအနက် တစီးသည် စက်ချို့ယွင်း၌ ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်ခဲ့ရဟာ တစီးမှာမူ ရွှေကူမြို့တောတွင်းတနေရာ၌ ပျက်ကျသွားခဲ့ခြင်းဟု သိရသည်။ တောအတွင်းပျက်ကျသွားသည့် ရဟတ်ယာဥ်မှ ဗိုလ်ကြီးတဦးအပါအဝင် ရုပ်အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိထားကြောင်းလည်း KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သည့် ဒရုန်းအမျိုးအစားသည် FPV အသေခံ ဒရုန်းအမျိုးအစားဖြစ်ကြောင်း စစ်လက်နက်ပစ္စည်းများကို လေ့လာဖော်ပြပေးနေသည့် Tactical Raptor 2.0 စာမျက်နှာက ယနေ့ ဖော်ပြသည်။

“FPV ဒရုန်းက Mi-17 ရဲ့ ပင်မပန်ကာ (main rotor) နားမှာ ပေါက်ကွဲတယ်။ ရဟတ်ယာဉ်နဲ့ ထိပြီး (impact fuze) ကွဲတာလား၊ ပိုင်းလော့ကနေပဲ ဖောက်ခွဲတာလား (electrically initiated) ဆိုတာတော့ မသေချာပါဘူး။ Main rotor ပေါ်မှာ ဒရုန်း ဗီဒီယို ရပ်သွားတယ်ဆိုတာက ဒရုန်းပေါက်ကွဲ ပျက်စီးသွားပြီ ဖြစ်တာကြောင့် ဗီဒီယိုပုံရိပ် ရိုက်ကူး၊ ထုတ်လွှင့်တာ မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။

FPV ဒရုန်းက သယ်လာတဲ့ ဗုံး, payload, warhead ကတော့ ခပ်သေးသေးပဲ ဖြစ်ပုံရပါတယ်။ ဒါ့ကြောင့် Mi-17 နားမှာ အနီးကပ် ပေါက်ကွဲတာတောင် ချက်ချင်း catastrophic kill မရခဲ့ပါဘူး” ဟု ဖြစ်စဥ်အပေါ် သုံးသပ်ရေးသားဖော်ပြထားသည်။

အလားတူ ဒရုန်းအသုံးပြု၍ ရဟတ်ယာဥ်ကို တိုက်ခိုက်ဖျက်ချသည့် ဖြစ်စဥ်များသည် ယူကရိန်းနှင့် ရုရှားစစ်ပွဲ၌လည်း ရှိကြောင်း Tactical Raptor 2.0 က မဇ္ဈိမကိုပြောသည်။

“ယူကရိန်း စစ်ပွဲမှာလည်း အလားတူ ဖြစ်ရပ်တွေကြောင့် ရုရှားရဟတ်ယာဉ်တွေ ပျက်ကျထားပါတယ်” ဟုဆိုသည်။ 2024 တွင် ယူကရိန်းမှ ရုရှား၏ Mi-28 ရဟတ်ယာဉ်ကို သမိုင်း၌ ပထမဦးဆုံးအကြိမ်အဖြစ် FPV ဒရုန်းဖြင့် ဝင်တိုက်၍ ပစ်ချနိုင်ခဲ့ကာ ယခုတွင် KIA ပူးပေါင်းတပ်များသည် ရဟတ်ယာဉ်ကို FPV ဖြင့် ပစ်ချနိုင်သည့် ဒုတိယမြောက် အဖွဲ့အစည်း ဖြစ်လာကြောင်း Tactical Raptor 2.0 ကဖော်ပြထားသည်။

ထို့အတူ KIA ပူးပေါင်းတပ်ဘက်မှ ရဟတ်ယာဥ်ပျက်ကျစေရန် အသုံးပြုခဲ့သည့် ဒရုန်းသည် ဒေါ်လာ ၅၀၀ ခန့်သာ တန်ဖိုးရှိသည်ဟုလည်း ဖော်ပြထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *