သာပေါင်းမြို့နယ်အစပ်ထိ AA နှင့်တော်လှန်ရေးတပ်ဖွဲ့များ နီးကပ်လာ၍ စစ်ကောင်စီက ခြေမြန်တပ်ရင်းအနီး ကာကင်းစခန်းများတိုးချဲ့ဆောက်လုပ်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အစပ်သို့ အာရက္ခတပ်တော် (AA) နှင့်တော်လှန်ရေးပူးပေါင်းအဖွဲ့များ နီးကပ်လာသည့် အတွက် စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များအနီးတွင် ကာကင်းစခန်းများ တိုးချဲ့ ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း မေ ၁၉ ရက်နေ့က ခမရ-၃၀၈ တပ်ရင်းအနီးတွင် ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီက စတင်တည်ဆောက်နေပြီး စစ်တိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် စစ်ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“စစ်တပ်က ခံစစ်ပြင်တဲ့နေရာတွေရှိသလို ရှေ့တက်ပြီး စစ်ကြောင်းပြင်နေတဲ့နေရာတွေလည်း ရှိတယ်။ အခုဖြစ်နေတာ စစ်ကြောင်းထိုးလာတဲ့သူတွေနဲ့ သဲဖြူဘက်မှာ တိုက်ပွဲဖြစ်နေပုံရတယ်” ဟု သာပေါင်း ဒေသခံက ပြောသည်။

သာပေါင်းမြို့နယ် ခမရ ၃၀၈ အတွင်းသို့ မြောင်းမြမြို့နယ် ခလရ ၉၃ တပ်ရင်းမှ ထုတ်နုတ်အင်အား အချို့နှင့် ရန်ကုန်တိုင်းအတွင်းမှ စစ်မှုထမ်းသင်တန်း ဆင်းအချို့ကိုပါ ပို့ဆောင်ပူးပေါင်းခိုင်းထားကြောင်း သိရသည်။

သာပေါင်းမြို့နယ်၊ သဲဖြူရွာအနီးတွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ပြန်လည် ကြားနေရပြီး တိုက်ပွဲအချို့ဖြစ်ပွားနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က သာပေါင်းမြို့နယ်အတွင်း စစ်မှု ထမ်းသင်တန်းဆင်းများကို ကြည်းကြောင်း၊ ရေ ကြောင်းမှ ဆက်တိုက်ဖြည့်တင်းနေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk

ပုံစာ-ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်ရှိ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်။(ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *