Sky Villa ကွန်ဒိုအောက်မှ နှစ်ရက်အတွင်း ရုပ်အလောင်းသုံးလောင်း ထပ်မံတွေ့ရှိ
ငွေကျပ် သိန်း ၅၀၀ ကျော်၊ နိုင်ငံခြားငွေ၊ ရွှေ၊ ကျောက်မျက်နဲ့ တန်ဖိုးကြီးပစ္စည်းတွေလည်း တွေ့
ကွန်ဒိုပြိုကျမှု ဖြစ်စဉ်ကနေ သေဆုံးသူ ၁၃၀ ကျော်ရှိလာပြီဖြစ်
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့တဲ့ မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အဦအောက်ကနေ မေလ ၂၃ ရက် ဒီကနေ့မှာ အမျိုးသား တစ်ဦး ရုပ်အလောင်း ထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း ရုပ်အလောင်း သုံးလောင်းရှာ ဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန (MFSD) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပြိုကျနေတဲ့ ကွန်ဒိုအဆောက်အဦအဆောင် B အခန်းအမှတ် I3 ကနေ အမျိုးသားတစ်ဦး ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၂၂ ရက် မနေ့ကလည်း အဆိုပါ အဆောင် B ကနေ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ ရုပ်အလောင်း ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ MFSD ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပြိုကျနေတဲ့ Sky Villa ကွန်ဒို အဆောက်အဦ အဆောင် B နဲ့ C တို့ကို ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင် ရာမှာ နှစ်ရက်တာအတွင်း ငွေကျပ်သိန်း ၅၀၀ ကျော်နဲ့ ရွှေ၊ ကျောက်မျက်စတဲ့ တန်ဖိုးကြီးပစ္စည်း၊ စာရွက်စာတမ်း တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၂ ရက် မနေ့က ရှာဖွေရှင်းလင်းရေး လုပ်ဆောင်ရာမှာ အဆောင် B အခန်း G8 ကနေ မြန်မာငွေကျပ် သိန်း ၂၆၀ ကျော် နဲ့ ရွှေထည်ပစ္စည်းမျိုးစုံအပါအဝင် ကျောက်မျက်ပစ္စည်းတွေ ၊ နိုင်ငံကူးလက်မှတ် အပါအဝင် အရေးကြီး စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ပြီး ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေ ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်ခဲ့ တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် B အဆောင် အခန်းအမှတ် I9 ကနေ မြန်မာကျပ်ငွေ သိန်း ၁၇,၅၆၅,၀၀၀ ကျပ် (သိန်း ၁၇၀ ကျော်)၊ နိုင်ငံခြားငွေရောရာ ၆၅ ရွက်၊ I Phone တစ်လုံး၊ နာရီ နှစ်လုံး၊ ပလက်တီနမ်ဆွဲကြိုး နှစ်ကုံး၊ ပလက်တီနမ် ဟန်းချိန် တစ်ခု စတဲ့ တန်ဖိုးကြီးပစ္စည်းတွေရှာဖွေတွေ့ရှိခဲ့သလို အခြားအခန်းတစ်ခုကနေ မီးခံသေတ္တာ တစ်လုံး၊ မြန်မာ ကျပ်ငွေ သိန်း ၇၀ ကျပ်၊ ရွှေဟန်းချိန်း နှစ်ခု၊ ရွှေဆွဲကြိုး သုံးကုံး၊ ရွှေနားဆွဲ ခြောက်ရံ၊ ရွှေဆွဲသီး ငါးခု၊ ရွှေလက် ကောက်တစ်ခု၊ ရွှေဖီချူးတစ်ခု၊ ရွှေလက်စွပ် ရှစ်ကွင်း၊ ကျောက်ပါ နားကပ်တစ်ရံ၊ ကားအုံနာဘုတ်တစ်အုပ်နဲ့အရေး ကြီးစာရွက်စာတမ်းတွေ တွေ့ရှိခဲ့တာကြောင့် ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ထံ အပ်နှံပေးထားခဲ့တယ် လို့ MFSD က ဆိုပါတယ်။

လက်ရှိမှာ Sky Villa အဆောက်အဦအောက် ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေ ရှာဖွေထုတ်ယူနိုင်ဖို့နဲ့ ပြိုကျ ပျက်စီးနေတာတွေ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့အတူ လူမှုကူညီကယ်ဆယ် ရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဆောက်အဦ အပြိုအပျက်တွေ ရှင်းလင်းရာမှာ တွေ့ရှိခဲ့တဲ့ ကျောက်စိမ်း၊ ရွှေ၊ ငွေ စတဲ့တန် ဘိုးကြီးပစ္စည်းတွေနဲ့ အရေးကြီး စာရွက်စာတမ်းတွေကိုလည်း ပိုင်ရှင်ဖြစ်သူနဲ့ မိသားစုဝင်တွေထံ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့က တဆင့် ပြန်လည်ပေးအပ်နေတယ်လို့လည်း မီးသတ်ဦးစီးဌာနက ဆိုပါတယ်။
ငလျင်ကြောင့် ပြိုကျပျက်စီးမှုဖြစ်ခဲ့တဲ့ Sky Villa ကွန်ဒိုကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ အမျိုးသား၊ အမျိုး သမီး စုစုပေါင်း ၅၀ ကျော် ရှိခဲ့ပြီး ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ လက်ရှိအချိန်ထိ ကလေး ငယ်တွေ အပါအဝင် သေဆုံး ရုပ်အလောင်း ရှာဖွေထုတ်ယူနိုင်မှု စုစုပေါင်း ၁၃၀ ကျော် ရှိတယ်လို့ MFSD ထုတ်ပြန် ချက်စာရင်းတွေအရ သိရပါတယ်။

Sky Villa ကွန်ဒို အဆောက်အဦဟာ ၁၁ ထပ်အမြင့်နဲ့ အဆောင်လေးဆောင် ထည့်သွင်းဆောက် လုပ်ထားတာဖြစ် ပြီး မတ်လ ၂၈ ရက်က ငလျင်ဒဏ်ကြောင့် A အဆောင်မှာ ငါးထပ် မြေအောက်ကို ကျွံဝင်ကျသွားခဲ့တာဖြစ်သလို ကျန်တဲ့ B ၊ C ၊ D စတဲ့ အဆောင်တွေအားလုံးဟာ လုံးဝ ပြိုကျပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ Sky Villa အဆောက်အဦ ပြိုကျမှုအောက် ရုပ်အလောင်းတွေ ကျန်ရှိနေဆဲဖြစ်သလိုဧည့်စာရင်းအရ လူ ဦးရေ ၄၀၀ ဝန်းကျင်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။
Sky Villa ကွန်ဒိုအဆောက်အဦကို ကွန်ဒိုပိုင်ရှင်ဖြစ်တဲ့ NTL Construction က တည်ဆောက်ခဲ့တာဖြစ်သလို ငလျင်ဒဏ်ခံ အဆောက်အဦအဖြစ် ကွန်ဒိုတိုက်ခန်းတွေကိုကြော်ငြာပြီးတော့ ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Sky Villa ကွန်ဒိုကို တာဝန်ယူတည်ဆောက်ခဲ့တဲ့ NTL Construction က ဆောက်လုပ်ခဲ့တဲ့ အင်ကြင်း ကွန်ဒိုနဲ့ နှင်းဆီ ကွန်ဒိုတွေလည်း ပြိုကျပျက်စီးခဲ့ပြီး လူအများအပြား သေဆုံးခဲ့တာဖြစ်ပါတယ်။
မန္တလေးမြို့ပေါ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၈ ရက်ကနေ အခု မေလ ၂၂ ရက်ထိ နှစ်လနီးပါးအတွင်းမှာ ငလျင်ကြောင့် ထိခိုက် သေဆုံးသူ ၂၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီအရေအတွက်ထက် ပိုမိုများပြားနိုင်တယ်လို့ ကူညီကယ် ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ မြို့ခံတွေက ပြောဆိုထားပါတယ်။




Leave a Reply