စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ တောင်တွင်းဒေသ သာစည်- မင်းစု ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မွေးကင်းစလသားအရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ( မေလ ၂၃ ရက်) ညနေပိုင်း ၂ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၊ အပြင်းအထန် ဒဏ်ရာရရှိသူ ၁၃ ဦးရှိကြောင်း သိရသည်။
“ မွေးကင်းစ ကလေးငယ်လေးဆို ရုပ်လောင်းကို ကောက်လို့ မရပါဘူး။ ခန္ဓာကိုယ်က အကုန်တခု တခြားစီ ဖြစ်သွားတယ်။ သေဆုံးတဲ့ထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ များပါတယ်။ ဗုံးကျင်းကြီး နှစ်ကျင်းနဲ့ ကျင်းခွက်ကလေးတွေ ရှစ်ခုလောက် တွေ့ရတယ်” ဟု အသက် ၂၈ နှစ်အရွယ် ဒေသခံ အမျိုးသား တဦးက ယနေ့( မေလ ၂၄ ရက် )တွင် ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွင်း လသားအရွယ် မှ ၁၀ နှစ် အရွယ်ထိ ကလေးငယ် ခုနစ်ဦးအပါ ၁၄ ဦးသေဆုံးခဲ့ပြီး ၊ ဆေးကုသမှု ခံယူနေသည့် ဒေသခံ ၁၃ ဦးတွင် အသက်အန္တရာယ်စိုးရိမ်ရသူ သုံးဦး ပါဝင်ကြောင်း သိရသည်။
မင်းကင်းမြို့နယ် မအူကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သာစည်- မင်းစု ရွာကို လေကြောင်းဖြင့် ချက်ချင်းဗုံးလာကြဲခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်ပွားပြီး မကြာဘူး ဗုံးလာကြဲတာပါ။ ရှောင်ချိန်ကို ကောင်းကောင်းမရလိုက်ကြဘူး။ တောထဲမှာ ဒဏ်ရာတွေနဲ့ စစ်ရှောင်နေရသူတွေ တော်တော်များပါတယ်။ အခုထိ ရှောင်နေကြရတုန်းပဲ” ဟု သာစည်- မင်းစု ကျေးရွာ ဒေသခံက ဆိုသည်။
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်း ၃၅ ခုရှိပြီး စစ်ကောင်စီတပ်ဖွဲ့၏ရန်ကြောင့် ရှောင်တိမ်းနေရသည့်ကျေးရွာ ၂၁ ရွာရှိကြောင်း ဒေသခံနှင့် ကာကွယ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
၂၀၂၁ မတ်လမှ ၂၀၂၅ မတ်လအထိ မင်းကင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၇ ဦးထိရှိပြီး ၊ ကနီမြို့နယ်အတွင်းသို့ ရွှေ့ပြောင်း စစ်ရှောင်နေသည့် စစ်ရှောင်ဦးရေ ၈၀၀ ခန့်ရှိကြောင်းသိရသည်။











Leave a Reply