ကျောက်ထုတွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်သည့်အပြင် သတ်ဖြတ်ခဲ့
မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုယ်ဝန်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်အပြင် သတ်ဖြတ်မှုပါလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ကျောက်ထုအမြောက်တပ်ရင်း (အမှတ် – ၃၆၈) မှ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေစဥ်အတွင်း အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်ကြောင်းဝင်ရောက်နေစဥ်အတွင်း ထီးလင်းမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာသို့ အလည်အပတ် ရောက်ရှိနေသည့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ငါးလရှိသူ အမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့သည်။
“ကံကြီးရွာက သူ့အမျိုးသားဆီကို အလည်လာတဲ့အချိန် စစ်ကြောင်းထိုးတာနဲ့ ကြုံသွားတာ။ သူပျောက်သွားတော့ ကျတော်တို့လိုက်ရှာကြတာ၊ မေ ၂၃ ရက်နေ့မှာ အလောင်းကို တွေ့တယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ကိုယ်ဝန်သည် အမျိုးသမီး၏ အလောင်းကို တွေ့ရှိရချိန်တွင် ညာဘက်ပေါင်၌ သေနတ်ဒဏ်ရာတစ်ချက်၊ မျက်လုံးတစ်လုံး ထွက်ကျထားသည့်အပြင် လည်ပင်းပြတ်ရှဒဏ်ရာများကိုလည်း တွေ့ရှိရပြီး၊ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများကိုလည်း တွေ့ရှိရကြောင်း သိရသည်။
“ငါးရက်လောက်ကြာမှ ပြန်တွေ့တာ၊ ဗိုက်ထဲမှာကလည်း ကလေးလေးနဲ့။ ဒဏ်ရာတွေကလည်း အများကြီး” ဟု အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကျောက်ထုအမြောက်တပ်ရင်း (အမှတ် – ၃၆၈) မှ ၄င်းတို့နှင့် ငါးမိုင်ပတ်လည်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုများလည်းရှိနေကြောင်း ကျောက်ထုဒေသခံများက ဆိုသည်။
“စောစောပိုင်းတုန်းကတော့ စစ်ကြောင်းက ပုံမှန်ထိုးနေတော့ စစ်ရှောင်နေကြတာ များတယ်။ ပြီးတော့ ၃၆၈ ထဲကနေ လက်နက်ကြီးနဲ့ပစ်လိုက်၊ ဒရုန်းနဲ့ချလိုက်နဲ့ဆိုတော့ မနေရဲကြဘူး။ ဒီနောက်ပိုင်းမှာ စစ်ကြောင်းထိုးတာ ကျဲသွားတော့ ဝင်နေနေကြတာ၊ ကျောက်ထုနဲ့ ကံကြီးက ခြေလျင်ဆို နာရီဝက်ပဲ” ဟု ကျောက်ထုတိုက်နယ်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ကျောက်ထုတိုက်နယ်တစ်ဝိုက်ကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဥ်နီးပါး လုပ်ဆောင်လျက်ရှိနေပြီး ဒေသခံပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
ပုံစာ-စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် အမျိုးသမီး


Leave a Reply