KIA တပ်ဖွဲ့တွေ နေရာယူထားတဲ အနီးတစ်ဝိုက်ကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်းနဲ့ အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့တွေ နေရာယူထားတဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်းကနေ အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ မေလ ၂၅ ရက်နေ့က ထုတ်လွှင့်တဲ့ ရုပ်သံသတင်းလွှာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ သတင်းပတ်အတွင်း Y12 လေယာဉ်နဲ့ ၆၉ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၉ ကြိမ်၊ ဒရုန်းဗုံး ၃၈ကြိမ်၊ လက်နက်ကြီး ၇၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားတာပါ။

ဒါ့အပြင် ဗန်းမော်မြို့ ဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး KIA ပူးပေါင်းတပ်တွေကနေ ဗန်းမော်မြို့အတွင်း တပ်စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်း အများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီ ဖြစ်တဲ့အပြင် စကခ ၂၁ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်၊ ဒရုန်း၊ လေယာဉ်တွေနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားကနေ KIAပူးပေါင်းတပ်က စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မေလ ၂၀ ရက်နေ့မှာတော့ ဗန်းမော်မြို့ဘက် စစ်အင်အား၊ စစ်လက်နက် သယ်ယူပို့ဆောင်ပေးတဲ့ ရဟတ်ယာဉ်သုံးစင်းထဲက နှစ်စင်းကို KIA တပ်ပေါင်းစုကနေ ပစ်ချနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီရဲ့ ခမရ ၃၈၉၊ ၄၂ နဲ့ SNA ပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် KIA တပ်မဟာ (၉) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အင်းတော်၊ ဆနွင်းကုန်းဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေကို KIA က ကြားဖြတ်တိုက်ခိုက်နေပြီး ဝိုင်းမော်-ဝါးရှောင် လမ်းပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *