အချိန်က ၂၀၂၁ ခုနှစ် မေလပိုင်းဖြစ်သည်။ အင်းစိန်ထောင်မကြီး (၄) ဆောင် ပုံစံခန်းထဲက ‘အားးးး’ဆို သည့်အော်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

‘လုပ်ဦးမလား ဟေ့ရောင်’ ဆိုသော စကားသံများနှင့် နောက်ဆက်တွဲ “ဖြန်း ဖြန်း၊ ဖောင်း ဖောင်း” အသံ များကိုကြားရသည်။

လူရိုက်တုတ်အဖြစ်ဖန်တီးထားသော လျှပ်စစ်မီးကြိုးနှစ်ချောင်းကိုပူးလျက် မီးတိတ်အမည်းဖြင့် သေသေ ချာချာကျစ်ကျစ်လစ်လစ်ပတ်စီးထားသော အရှည်နှစ်ပေခွဲရှိရိုက်တံတုတ်ကို မင်းရာဇာကကိုင်လျက် နိုင်ငံရေးအကျဥ်းသားတဦးကို ရိုက်နေခြင်း ဖြစ်သည်။

ထိုအချိန်က မင်းရာဇာမှာ (၄)ဆောင်ပုံစံခန်း၏ စည်းကမ်းထိန်းတဦးဖြစ်ပြီး အချုပ်သားအနေဖြင့်သာရှိသေးသည်။ နေ့တိုင်းလိုလို မင်းရာဇာရိုက်သည့်အသံများကို (၄)ဆောင် (၁)ခန်းမှ ကြားနေရသည်။ သူရိုက်နေသူများမှာ လူမိုက်၊ သူခိုး၊ မုဒိန်း၊ လူသတ်၊ ဓားပြများမဟုတ်ဘဲ စစ်အာဏာရှင်ကိုတော်လှန်နေကြ သော GZ နိုင်ငံရေးအကျဥ်းသားများသာ ဖြစ်သည်။

မင်းရာဇာကိုင်ထားသောလူရိုက်တုတ်မှာ အင်းစိန်ထောင်ရှိ ထောင်ဝါဒါများသာကိုင်ဆောင်ရသည့် အဆင် တန်ဆာတခုဖြစ်သည်။ ထောင်ဝါဒါများမှာ ထိုတုတ်ကိုင်ရခြင်းကို အတော်လေးသဘောတွေ့ကြသည်။ ထောင်ဝါဒါဆိုသည်မှာ အကျဥ်းထောင်မှ အကျဥ်းသားအချင်းချင်းအုပ်ချုပ်ရသူကို ဆိုလိုခြင်းဖြစ်သည်။ ထို ထောင်ဝါဒါတာဝန်များကို နိုင်ငံရေးအကျဥ်းသားများကို ပေးမထားပေ။ ထောင်ဝါဒါများမှာ ထောင်ကခိုင်းသမျှ အတွန့်မတက်လုပ်ကြသူများဖြစ်သည်။

မင်းရာဇာကဲ့သို့ အခြားသောအနုပညာရှင်များသည်လည်း အင်းစိန်ထောင်တွင် ထောင်ဒဏ်များကျခံနေ ကြရသည်။

သို့သော် ထောင်ကပေးသော မည်သည့်တာဝန်မှ ယင်းအနုပညာရှင်များ ထမ်းဆောင်ကြခြင်း မရှိပေ။

မင်းရာဇာကဲ့သို့ ၂၀၁၃ ခုနှစ်တဝိုက်ကလည်း မင်းသားမင်းအုပ်စိုး ယခုလို ထောင်ဝါဒါအကြီးစား လုပ်ခဲ့ဖူးကြောင်း စုံစမ်းသိရှိရသည်။

သို့သော် ထိုကာလက နိုင်ကျဥ်းများမရှိခဲ့ပေ။ သူအာဏာရှိကြောင်း လုပ်လို့ရသည်ဆိုသည့်ပုံစံမျိုးသာ ပြခဲ့သည်ဟု ဆိုသည်။ မင်းရာဇာကဲ့သို့ ရိုက်နှက်နှိပ်စက်မှုများလည်း မရှိ ခဲ့ပေ။

၂၀၂၂ ခုနှစ်အတွင်း အင်းစိန်ထောင်တွင် ပြဿနာတခုဖြစ်ပွားခဲ့သည်။ ထိုပြဿနာမှာ အထူးရုံးထွက်သွား သော ၅၀၅(က)အမှုဖြင့် တရားစွဲခံထားရသောလူငယ်သုံးဦးက အထူးရုံးနားမှ စက်ဘီးစီးသွားသောထောင် အရာရှိတဦးကို ညီလေးဟုခေါ်မိခဲ့ကြခြင်းဖြစ်သည်။

ထိုနိုင်ကျဥ်းလေးများကလည်း သူတို့ခေါ်လိုက်သည့် ဝန်ထမ်းသည် ထောင်အရာရှိဟုမသိခဲ့ကြပေ။ ထိုပြဿနာကြောင့် နိုင်ကျဥ်းလေးများ ထောင်ဆေးရုံ ရောက်သွားသည့်အထိ ဆေးကုသမှုခံခဲ့ကြရသည်။

ထိုလူငယ်သုံးဦး အထူးရုံးမှအပြန် ထောင်မကြီးအပေါက်မှ မင်းရာဇာဦးဆောင်သော ထောင်ဝါဒါတစုက စောင့်လျက်ရှိသည်။ အထူးရုံးမှာ ပြင်ပပါဆယ်လက်ခံဌာနအနီးရှိ ခန်းမကြီးဖြစ်သည်။

ထိုခန်းမကြီးမှ ထောင်မကြီးအပေါက်သို့ ငါးမိနစ်လမ်းလျှောက်ရုံဖြင့်ရောက်သည်။ ထိုလူငယ်လေးများ ရုံးထွက်ပြီး၍ ဝင် လာချိန်တွင် မင်းရာဇာဦးဆောင်သည့်ထောင်ဝါဒါအုပ်စုက စောင့်နေလျက်ရှိသည်။

လူငယ်များဝင်လာချိန် တွင် ထောင်ဝါဒါအဖွဲ့က အမည်များအားစစ်ဆေးကာ ထောင်မကြီးဝင်ပေါက်မှ မိန်းဂျေး(စည်းကမ်းထိန်း သိမ်းရေးရုံး)အထိ ‘ညီလေးရေလို့ ခေါ်အုံးမလား’ တတွက်တွက်ပြောကာ မင်းရာဇာက လူငယ်လေးများ ၏ ဦးခေါင်းအား ရိုက်လာသည်။

မင်းရာဇာရိုက်သဖြင့် အခြားသောထောင်ဝါဒါများကလည်း လိုက်ရိုက်ကြသည်။ မင်းရာဇာပြောသည့် အတိုင်း သူတို့က ထိုနိုင်ငံရေးအကျဥ်းသားလူငယ်သုံးဦးအား မိန်းဂျေးရောက်သည့်အထိ ဆက်တိုက်ရိုက် ကြသည်။

ထောင်မကြီးအပေါက်ဝမှ မိန်းဂျေးရုံးအထိ ၁၀ မိနစ်ကျော် လမ်းလျှောက်ရသည်။ ထိုအတော အတွင်း အဆက်မပြတ် ရိုက်ကြခြင်းဖြစ်သည်။ မိန်းဂျေးရောက်ချိန်တွင် ထိုလူငယ်သုံးဦး အတော်လေး ပျော့ခွေသွားကြပြီဖြစ်သည်။

မင်းရာဇာမှာ ထိုလောက်နှင့် မတင်းတိမ်သေး။ မိန်းဂျေးမှ ထိုလူငယ်သုံးဦးနေကြသည့် (၅) ဆောင်အထိ ဆက်ရိုက်ကြသည်။ မကြာမီပင် ထိုရိုက်နှက်ခံရသော ဒဏ်ရာများကြောင့် လူငယ်သုံးဦးထဲမှ လူငယ်တဦး အရေးပေါ် ထောင်ဆေးရုံတက်လိုက်ရသည်။

ကျန်နှစ်ဦးမှာလည်း တကိုယ်လုံး ဒဏ်ရာများစွဲသွားတော့ သည်။ ထိုမျှလောက် လက်သံပြောင်လှသည်။ အင်းစိန်ထောင်သို့ မုဒိန်းမှု၊ ညှင်းပန်းနှိပ်စက်မှုများဖြင့် ဝင် လာသော မုဒိန်းကောင်တဦး၏ လူမဆန်သောလုပ်ရပ်ဖြစ်သည်။ သို့သော် ထိုလုပ်ရပ်ကြောင့် အင်းစိန် ထောင်ရှိ တာဝန်ရှိမည်သည့်ထောင်ဝန်ထမ်းမှ မင်းရာဇာအား အရေးမယူကြပေ။

၂၀၂၃ ခုနှစ်အတွင်း ၅၀၅(က) ဖြင့်တရားစွဲခံရသောလူငယ်တဦး မိန်းဂျေးသို့ အချုပ်သစ်အနေဖြင့် စတင် ဝင်ရောက်လာသည်။ ထိုအချိန် မင်းရာဇာမှာ(၄)ဆောင် စည်းကမ်းထိန်းရာထူးမဟုတ်တော့ဘဲ ပို၍ အဆင့် မြင့်သည့် မိန်းဂျေးဦးစီး ဦးထွန်းဝင်းထိုက်နားတွင် တာဝန်ထမ်းဆောင်နေချိန်လည်းဖြစ်သည်။

မိန်းဂျေး တာဝန်ကို မင်းရာဇာထမ်းဆောင်ချိန် လူငယ်နိုင်ငံရေးအကျဥ်းသားတဦးနားကပ်လာကာ ‘မင်းဘာ အမှု လဲ’ ဟု မေးသည်။ လူငယ်က ‘နိုင်ငံရေးမှု’ဟုပြောသဖြင့် ‘ဘာနိုင်ငံရေးအမှုလဲ။

နိုင်ငံရေးအမှုဆိုတာ မရှိဘူး။ ပုဒ်မပြောကွ’ ဆိုကာ နားရင်းကိုတချက်ရိုက်သည်ဟု ပြောပြသည်။

အင်းစိန်ထောင်တွင်း ကြုံတွေ့ရမှုနှင့်ပတ်သက်၍ အမည်မဖော်လိုသည့် လူငယ်နိုင်ငံရေးအကျဥ်းသား ဟောင်းတဦးက မင်းရာဇာ၏ရိုက်နှက်မှုကို ခံခဲ့ရကြောင်း ပြောပြသည်။

“ကျနော်ကို ထမနဲပွဲကိုသွားတာ သတင်းမပို့လို့ဆိုပြီး မိန်းဂျေးကိုခေါ်ရိုက်တာ။ မှောက်ထားဆိုပြီးရိုက်တာ သုံးချက်”

ရိုက်ချက်မှာ ပြင်းထန်ကြောင်းလည်း သူကဆိုသည်။ မင်းရာဇာရိုက်ပြီး ဝန်ထမ်းများနှင့် မင်းရာဇာနောက် လိုက် ထောင်ဝါဒါများကလည်း ဆက်တိုက်ရိုက်ကြကြောင်း သူကရှင်းပြသည်။

ဤသည်မှာ မိန်းဂျေးရှိ စည်းကမ်းထိန်းတာဝန်များကို ထမ်းဆောင်ရသော ထောင်ဝါဒါများ၏ ဆုံးမမှုများပေ။

မင်းရာဇာဦးဆောင်သော လက်ပါးစေထောင်ဝါဒါအုပ်စု စစ်ကြောရေးလုပ်ရာ မိန်းဂျေးမှာ အမြင့်ဆုံးပြစ် ဒဏ်များကို စီရင်သောနေရာဖြစ်သည်။ အင်းစိန်ထောင် အဆောင်အသီးသီး၊ တိုက်အသီးသီးရှိ နိုင်ငံရေး အကျဥ်းသားများကို အရေးယူအပြစ်ပေးသည့်အခါ နိုင်ငံရေးအကျဥ်းသားများနေထိုင်ရာ အခန်းလူကြီး (တန်းစီး)က ဦးဆုံး အရေးယူသည်။

ထိုအခန်းလူကြီးက ပြစ်ဒဏ်ကြီးသည်ဟုယူဆလျှင် အဆောင်ရုံးခန်း ရှိ အဆောင်မှူးအရာရှိထံသို့ ဆက်လက်အမှုအပ်ကြသည်။

အဆောင်မှူးက လာအပ်သောအမှုအပေါ် မူ တည်ပြီး အပြစ်ပေးကာ ဆက်လက်အရေးယူသင့်သည်ဟုယူဆလျှင် မိန်းဂျေးခေါ် စည်းကမ်းထိန်းသိမ်း ရေးရုံးသို့ ပို့ပေးပြန်သည်။ ထိုအခါ မိန်းဂျေးက မင်းရာဇာဦးဆောင်သော အာဏာပါးကွက်သားများ ထင်ရာ စိုင်းကြတော့သည်။

အခန်းတွင်လည်းရိုက်သေးသည်။ အဆောင်မှူးရုံးခန်းတွင်လည်း ထပ်အရိုက်ခံရပြန်သည်။ နောက်ဆုံး မိန်းဂျေးရောက်လျှင် ထိုဒဏ်ရာများကြောင့် ဆက်အရိုက်ခံနိုင်ရည် မရှိတော့သည့်တိုင် ထပ်အရိုက်ခံရပေ သည်။

အခန်းတွင်ရိုက်သည့်ထက် အဆောင်ရုံးခန်းရိုက်သည်က ပိုပြင်းထန်သည်။ အဆောင်ရုံးခန်းထက် မိန်းဂျေးကပြစ်ဒဏ် ပိုပြင်းထန်သည်။ မိန်းဂျေးတွင် မင်းရာဇာတို့လက်ပါးစေအဖွဲ့သာမက ဝန်ထမ်းများ ကလည်း မြည်းစမ်းသွားကြသေးသည်။

အမှုကြီးရင်ကြီးသကဲ့သို့ သူတို့လုပ်ချင်ရင် လုပ်ချင်သကဲ့သို့ ရိုက် ပြီးထမင်းစားနား၊ နားပြီးတခါပြန်ခေါ် ဆက်တိုက် နှိပ်စက်ကြသည်။ ထိုကဲ့သို့ နှိပ်စက်ပိုင်ခွင့်အာဏာမှာ မင်းရာဇာပါးစပ်တွင်သာရှိသည်။

သူပြောလျှင် ပြောသလိုရသည်။ သူက မလုပ်သင့်ဟု တင်ပြလျှင်ပြီးသွား သည်။ ဤမျှလောက် စွမ်းဆောင်နိုင်သောနေရာကို အင်းစိန်ထောင်ကြီးက မင်းရာဇာအား ပေးထားသည်။

၂၀၂၃ ခုနှစ်အတွင်းကဖြစ်ပေါ်ခဲ့သော အင်းစိန်ထောင်ပိုင်ကြီးကို ပြန်ပေးဆွဲကာ ထောင်ကိုဖောက်မည် ဆိုသည့် နိုင်ငံရေးအကျဥ်းသားများကို မင်းရာဇာဦးဆောင်သောထောင်ဝါဒါများက သေလုမြောပါး ရိုက်ခဲ့ ကြသည်။

ထိုဒဏ်ရာများကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ညှိမည်းစွဲသွားသည့် နိုင်ငံရေးအကျဥ်းသားများမှာ ကောင်းမွန်စွာ ဆေးကုသမှု မခံခဲ့ကြရပေ။ လက်ရှိတွင် ထိုအရိုက်အနှက်ခဲ့ခဲ့ကြရသော နိုင်ငံရေးအကျဥ်း သားများမှာ အခြားထောင်အသီးသီးသို့အပြောင်းခံလိုက်ကြရပြီဖြစ်သည်။

ထောင်ကမပြောင်းခင် ခြောက် လက်မထောက်ခြေကျင်းများဖြင့် အင်းစိန်ထောင်တွင် လပေါင်းများစွာနေထိုင်သွားခဲ့ကြရသည်။ ထောက် ဖြုတ်လိုက်လျှင်လည်း ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်တော့ဘဲ ကွတကွတပုံစံသာ ဖြစ်သွားတော့သည်။

အင်းစိန်ထောင်တွင် ထိုကဲ့သို့ ပြင်းထန်စွာ အရိုက်ခံရမှုများကို မိသားစုအား ပြန်ပြော၍မရပေ။ ပြောမိလျှင် ပြစ်ဒဏ်ပေးခံရသည်။ မိသားစုကိုပြန်ပြော၍သိသွားခဲ့လျှင်လည်း တိုက်ပိတ်ခံကြရပြီး မိသားစုနှင့်တွေ့ဆုံ ခွင့်၊ ပါဆယ်ပို့ခွင့်များ မရှိတော့ပေ။

ထိုအခါ မိသားစုကစိုးရိမ်ပူပန်ကြမည်ဖြစ်သည်။ မိသားစု စိုးရိမ်ပူပန် မှုမဖြစ်စေရန် နိုင်ငံရေးအကျဥ်းသားများမှာ သတင်းပေါက်ကြားခြင်း မရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေ ကြရသည်။ ထိုရိုက်နှက်ခံရသော ဒဏ်ရာများအား ဆေးကုသခွင့်မရခြင်းက နိုင်ကျဥ်းများ၏အနာဂတ် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်လာစေတော့သည်။

လက်ရှိတော့ ထောင်ဝါဒါအကြီးစားမှာ နိုင်ငံရေးအကျဥ်းသားများကို မည်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်နေမည် ဆိုတာကတော့ အင်းစိန်ထောင်သာလျှင် အသိဆုံးပဲ ဖြစ်ပါလိမ့်မည်။

ထောင်ဝါဒါအကြီးစား မင်းရာဇာကို ၂၀၂၃ ခုနှစ်ဧပြီလက မုဒိမ်းမှုဖြင့်ထောင်ဒဏ် နှစ် ၂၀ ချခဲ့သည်။ အခြားတမှုဖြစ်သော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ မှာ ငါးနှစ် ချထားပြီးဖြစ်သည့်အတွက် စုစုပေါင်း ၂၅ နှစ် ကျခံထားရသည်။

လက်တလောအနေအထားများအရ စစ်ကောင်စီက မုဒိန်းမှုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမှုများ ထဲတွင် မထည့်ထားပေ။ သို့သော်လည်း အင်းစိန်ထောင်တွင် စည်းကမ်းကောင်းလျှင် လျော့ရက် ခံစားခွင့် ရှိပြီး တနှစ်ကို ပျမ်းမျှ လေးလခံစားခွင့် ပေးထားသည်။

ထိုကြောင့် မင်းရာဇာမှာ အမိန့်ချလိုက်သည့်ရက်မှ ထောင်ကျနှစ် ၁၈ နှစ်ဝန်းကျင်တွင် ပြန်လွတ်လာနိုင်ချေ ရှိနေသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *