ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကာကင်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
KIA သည်ယနေ့ မေ ၂၇ရက် နံနက် ၄နာရီအချိန်ခန့်က စစ်ကောင်စီ၏ စကခ ၂၁အနီးကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ရာ နံနက် ၆ နာရီခန့်တွင် ကာကင်းအချို့ကို သိမ်းယူလိုက်နိုင်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“မနက်အစောပိုင်းကတည်းကတိုက်ပွဲပြင်းထန်နေတာ။ လေကြောင်းရန်လည်းရှိတော့ ဘယ်နေရာတွေ သိမ်းပြီးတယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ ဝင်းလိုက်ကိုတော့သိမ်းလိုက်တာ ဟုတ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
KIA သည် စကခ- ၂၁ ၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် ဝင်းလိုက်ဟိုတယ်ကို ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့ပြီး စစ်ကောင်စီက အဆိုပါ ဝင်းလိုက်ဟိုတယ်တွင် ဝင်ရောက်တပ်စွဲကာ လက်နက်ကြီး များပါတင်၍ အထပ်မြင့်နေရာမှ အသာစီးယူကာ ခုခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။
ဝင်းလိုက်ဟိုတယ်အပြင် စကခ ၂၁အနီး အရေးပါသော နေရာအချို့ကိုပါ သိမ်းယူထားပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က ဆိုသည်။

ပြီးခဲ့သည့် မေ ၂၀ရက်နေ့က ဗန်းမော် စကခ ၂၁အတွင်း စစ်ကူလာပို့သည့် ရဟတ်ယာဉ် သုံးစင်း အနက် နှစ်စင်း ကို KIA တပ်ဖွဲ့များက ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲမှာ ပို၍ ပြင်းထန် လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA သည် စစ်ကောင်စီ ၏ တင့်ကားတပ်ရင်း၊ သံချပ်ကာတပ်ရင်းများအပါအဝင် ဗန်းမော်မြို့ရှိစစ်ရေးအရ အရေးပါသောနေရာများကို သိမ်းယူထားသည်။
ပုံစာ-ပျက်စီးနေသည့် ဗန်းမော်မြို့တွင်းမှနေအိမ်များ


Leave a Reply