KNLA ၏ ချေမှုန်းမှုကြောင့် သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပျက်စီးပြီး ထိုင်းနိုင်ငံဘက်သို့ စစ်သား ၁၀ ဦးထက်မနည်း ထွက်ပြေးသွား

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိကာ အများအပြား သေဆုံးသွားကြောင်း၊ စစ်သား ၁၀ ဦးထက်မနည်းမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၂၇ ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသို့ စစ်ကူလာသော အင်အား ၇၀​ ကျော်ပါ စစ်တပ်စစ်ကြောင်းကို DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးသို့ ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်တပ်စစ်ကြောင်းမှာ စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားပြီး စစ်သား ၃၀ ကျော် အရှင်ဖမ်းဆီးရရှိကြောင်း၊ အများအပြား သေဆုံးကြောင်း သိရှိရသည်။

“ထိုင်းဘက်ကို ထွက်ပြေးတာ ၁၀ ဦးကျော်တယ်။ ထိုင်းစစ်တပ်နဲ့ ပြည်သူ့စစ်တွေက ဖမ်းမိထားတယ်လို့ သိရတယ်။ အဲဒီစစ်ကြောင်းက ထိုင်းဘက်ကနေ လှည့်ဝင်လာတဲ့စစ်ကြောင်းပဲ။ ဖမ်းမိတဲ့စစ်သားတွေကို ထိုင်းက ဘာလုပ်မလဲတော့ မသိရသေးဘူး။ ” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် သေ့ဘောဘိုးရွာထိပ်ရှိ အကြမ်းဖက်စစ် ကောင်စီသေ့ဘောဘိုးစခန်းနေရာနှင့်ကာကင်းစခန်းနေရာကို KNLA မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ် ဝေါ်လေတွင် KNLA မဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် မနားတမ်း စစ်ဆင်တိုက်ခိုက်နေပြီး မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့်လည်းကနဲလေး၊မော်ခီး၊ထီးသဲဘလယ်စခန်းများကို တိုက်ခိုက်နေကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *