၉/အညာမြေ စစ်ဆင်ရေးအတွင်း မြို့တွင်းစစ်ရေးပစ်မှတ် ၄ ခုကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီ နှင့် ပျူ ၈ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း ၉/အညာမြေစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် မြို့တွင်းစစ်ဆင်ရေးများကို အဓိကထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း မြင်းခြံမြို့ရှိ ခရိုင်ရုံး၊ရဲသင်တန်းကျောင်း၊ အမှတ် (၁၈) ရပ်ကွက် ဇီးခြံကာကင်း ဂိတ်စခန်းနှင့် စကားဝါကာကင်းဂိတ်စခန်းတို့ကို မေ ၁၅ ရက် နံနက်မှစ၍ တစ်ပြိုင်နက် ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အညာမှာမကြာခင် မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ ပြည်သူတွေနဲ့ မလွတ်မလပ်ဖြစ်ခဲ့တဲ့အရာတွေရှိခဲ့ပါတယ်။ ခဏခဏလည်း မေတ္တာရပ်ခံပါတယ်။ ပြည်သူတွေ ရှိနေတော့ အဆင်မပြေတာတွေ ရှိပါတယ် လုပ်ရကိုင်ရခက်ခဲတာတွေပေါ့။ ထပ်ပြီးမေတ္တာရပ်ခံချင် တာကတော့ စစ်အုပ်စုနဲ့နီးတဲ့ စခန်းတွေ၊ သူတို့အုပ်စုနားမှာ မနေဖို့ မသွားလာကြဖို့ပါ” ဟု Myingyan Black Tiger MBT တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မိုက်ခဲက ပြောသည်။

အဆိုပါ မြို့တွင်းစစ်ရေးပစ်မှတ် လေး ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်မှ အရန်တပ်သား တစ်ဦး၊ အမျိုးသမီး ပျူစောထီး နှစ်ဦးနှင့် အမျိုးသားပျူစောထီး ငါးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၉/အညာမြေစစ်ဆင်ရေးမှသည် မြို့သိမ်းစစ်ဆင်ရေးသို့ အရောက်သွားနိုင်ရန် Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းအနေဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား ကတိပြုကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။

စစ်ဆင်ရေးကို MBTတပ်ဖွဲ့နှင့်အတူ Burmese Guerrilla force (BGF)နှင့် ဗိုလ်စားပြောက်ကျား တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်ထဲက စစ်အုပ်စုနဲ့ ပျူစခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်အုပ်စု ၅၀ ကျော် သေပြီး လက်နက် ၂၇ လက်ရရှိကြောင်း ဒေသသတင်းဖော်ပြချက်များအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက် ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော်များလည်း ကျဆုံးမှုရှိကာ ပြည်သူတချို့လည်း သေဆုံးမှုများရှိကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် မေ ၁၅ ရက်မှစတင်၍ မြင်းခြံမြို့နယ်ထဲက ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ ပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံး၊ နွားထိုးကြီး မြို့နယ်ထဲမှ ဝက်လူးရဲစခန်း၊ Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီးရွာအနီး စစ်ကြောင်းများကို တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-MBT

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *