AA နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အပေါ် စစ်ကောင်စီက ကန့်ကွက်မှုကြောင့် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် စစ်သံမှူး တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပြီး နှစ်နိုင်ငံသံတမန်ရေး အတင်းမာဆုံးရောက်ရှိ
ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Md. Monowar Hossain နှင့် စစ်သံမှူး ဗိုလ်မှူးချုပ်Aftab Hossain တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Md. Monowar Hossain ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာသို့ ချက်ချင်းပြန်လည် ခေါ်ယူလိုက်ကြောင်း ၊ သံအမတ်ကြီး Md. Monowar Hossainသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော နှစ်နိုင်ငံအကြား သံတမန်အရေး တင်းမာမှုများကြောင့် ပြန်လည် ခေါ်ယူခြင်းဖြစ် ကြောင်း သိရှိရသည်။
သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးမှု ချုပ်ကိုင်ထားသော AA အာရက္ခတပ်တော် နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူများအကြား ဆက်ဆံရေး ရှိနေသည်ဟု စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက သံတမန်ရေးအရ ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယခုမေလအစောပိုင်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ စစ်သံမှူး ဗိုလ် မှူးချုပ် Aftab Hossain ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူထားပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Md. Monowar Hossain က မင်းအောင်လှိုင်ထံသို့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Leave a Reply