ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပါ မြေတဝက်နီးပါးကိုချန်ပြီး ကျန်မြေတဧကကို အရင်ရောင်းချရန် ဦးအောင်ဆန်းဦးက ကမာရွတ်ခရိုင်တရားရုံးတွင် ယနေ့ (မေ ၂၉ ရက်)တွင် လျှောက် ထားလိုက်ကြောင်း အမှုနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါ မြေတဧကကို လေလံတင်ရောင်းချခြင်း သို့မဟုတ် လေလံမတင်ဘဲရောင်းချခြင်းတို့နှင့်ပတ်သက်ပြီး မည်သို့ပြုလုပ်ရန်ရှိကြောင်း မသိရှိရသေးဘဲ တရားရုံး၏အမိန့်အပေါ်တွင်မူတည်ကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။

ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏မိခင် ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄)သည် ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပါအဝင် မြေ ၀ ဒသမ ၉၂၃ ဧကကိုချန်ထားပြီး ကျန်တဝက်ကိုအရင်ရောင်းချရန် လျှောက်ထားခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး‌ နောက်ရုံးချိန်းကို ဇွန်လ ၅ ရက်​နေ့သို့ ပြန်လည်ချိန်းဆိုထားကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဘက်က လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ခြံအမှတ် (၅၄) အ​မွေဆိုင်အမှုနှင့်ပတ်သက်ပြီး အဆိုပါခြံရှိနှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်တွင် အမိန့်ချမှတ်ခဲ့သည်။

ယင်းအပေါ် ဦးအောင်ဆန်းဦးက မ​ကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးအား လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန်၊ ဒေါ်ခင်ကြည် မသေဆုံးခင်က ၎င်း၏ တူဖြစ်သူ ဦးခင်မောင်အေးကို အ​မွေပေးခဲ့သည့် ခြံအမှတ်(၅၄)ထဲရှိ နောက်ထပ်အိမ်တလုံးနှင့်မြေကိုပါ ထည့်သွင်းခွဲဝေရန် အယူခံအဆင့်ဆင့်တက်ခဲ့ရာ ပယ်ချခံခဲ့ရပြီး​နောက် အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်ထဲတွင် ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက် အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့​နောက် ဦး​အောင်ဆန်းဦးက ခြံအမှတ် (၅၄)တခုလုံးကို ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၃၀၀ ဘီလီယံ၊ တတိယအကြိမ် ကျပ် ၂၉၀ ဘီလီယံနှင့် စတုတ္တအကြိမ် ကျပ် ၂၇၀ ဘီလီယံ တို့ဖြင့် ဈေးလျှော့ကာ လေလံပစ်ခဲ့ရာ ​လေးကြိမ်စလုံး ဝယ်ယူသူမရှိခဲ့​​ပေ။

ထို့​​​ကြောင့် နောက်တကြိမ်ရောင်းချမှုတွင် လေလံဈေးနှုန်းကို ဒေါ်အောင်ဆန်းစုကြည်ဘက်က သတ် မှတ်​ပေးရန် ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့​သော်လည်း တရားရုံးက မေလ ၂၂ ရက်နေ့တွင် ပယ်ချခဲ့သည့်အတွက် လက်ရှိတွင် တဧကကို ခွဲပြီး​ရောင်းချရန် ထပ်မံ​တင်ပြလာခြင်းဖြစ်သည်။

တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကာယကံရှင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်မရသည့် အခြေအနေတွင် ခြံအမှတ် (၅၄)အား လေလံ တင်ရောင်းချရန် ဆောင် ရွက်မှုများအပေါ် ရုံးချိန်းများတွင် အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကလည်း ခြံအမှတ် (၅၄) ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် သတ်မှတ်ထားပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *