တနင်္သာရီမြို့နယ်စရဖနှင့် ဆက်စပ်နေသည့် လင်မယား ၂ ဦးကို ပကဖ ထိန်းသိမ်းထား

တနင်္သာရီမြို့နယ်က စစ်ကောင်စီလက်အောက်ခံ စရဖအဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ လင်မယား ၂ ယောက်ကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေဆဲလို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မေ ၁၇ ရက် ညက တနင်္သာရီမြစ်ကြောင်းမှာ ကုန်တင်လာတဲ့ လင်မယား ၂ ယောက်ကို တနင်္သာရီမြို့ စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့အတွက် အလှူငွေခံပေးခဲ့တယ်ဆိုတဲ့ သတင်းအရ တနင်္သာရီပကဖက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုဗီနိုက “သူတို့အနေနဲ့ တနင်္သာရီစရဖအတွက် အလှူငွေခံပေးတယ်ဆိုတဲ့ ထွက်ဆိုချက်တွေလည်း ရှိပါတယ်။ စစ်ကောင်စီဘက်က ကုန်တင်ခွင့်ပေးပြီး တော်လှန်ရေးနယ်မြေထဲမှာ ပုံစံမျိုးစုံနဲ့ သတင်းယူနေတာတွေရှိတယ်။ ကျနော်တို့လည်း အထောက်အထားနဲ့တကွ ဖမ်းဆီးခဲ့တာပါ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လင်မယားနဲ့ပတ်သက်ပြီး ရေပေါ်ရွာမှာရှိတဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာ “အဆိုပါလင်မယား ၂ ယောက်က ရေပေါ်ရွာမှာ သာမန် ကုန်တင်နေသူတွေ ဖြစ်ကြပြီး တနင်္သာရီမြို့ပေါ်ရဲ့ ဘုန်းကြီးကျောင်းကနေ အလှူငွေခံခိုင်းတာကြောင့် အခုလိုကောက်ခံရတာပါ” လို့ ဖြေဆိုကြပါတယ်။

တနင်္သာရီမြို့နယ်ရှိ ရေပေါ်ရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး တနင်္သာရီမြို့ဟာ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တနင်္သာရီမြို့နယ်ပကဖက အခုလိုဖမ်းဆီးတာဟာ ကုန်စည်တင်ဆောင်လို့ ဖမ်းဆီးတာမဟုတ်ဘဲ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်လာရင် ကျနော်တို့ဘက်က သက်သေခိုင်လုံမှသာ ဖမ်းဆီးတာမျိုး ဖြစ်တယ်” လို့ ကိုဗီနိုက ဆိုပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *