မြဝတီမြို့ရှိ စစ်ကောင်စီ၏ မော်ခီးနှင့် ဘုရင့်နောင်တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်တို့က ဆက်တိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ မော်ခီးတပ်စခန်းနှင့် ဘုရင့်နောင်စခန်းတို့ကို KNLA ပူးပေါင်းတပ်မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်သည် ယနေ့ မေ ၃၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီ၏ ဘုရင့်နောင်တပ် စခန်းကုန်းနှင့် နံနက် ၁၀ နာရီခန့်တွင် မော်ခီးစခန်းတို့ကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဘုရင့်နောင်တပ်စခန်းသည် နယ်စပ်ရှိ ရှေ့တန်းကာကင်းတပ်စခန်းတစ်ခုဖြစ်ပြီး ဝေါ်လေဗျူဟာစခန်းအနီးရှိကာ ပူးပေါင်းတပ်များတိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွား၍ နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“ထိုင်းဘက်ကမ်းနဲ့ ဝေါ်လေကြားမှာရှိတဲ့ တပ်စခန်းပါ။ ဝေါ်လေတို့ ကနဲလေးတို့လို တပ်စခန်းကြီးတော့ မဟုတ်ဘူး။ ရှေ့တန်းကာကင်းစခန်း။ ဘုရင့်နောင်တပ်စခန်းကရော မော်ခီးစခန်းက ကောင်တွေရော ထိုင်းဘက်ကိုထွက်ပြေးသွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဘုရင့်နောင်စခန်းသည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၁၆၀ ကျော်တွင်တည်ရှိပြီး အမြင့်ဆုံးတောင်ကုန်းဖြစ်ကာ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ယူခဲ့သော်လည်း ရရှိခြင်းမရှိဟုဆိုသည်။

ထို့အပြင် ‌ယခုသိမ်းပိုက်နိုင်ခဲ့သည့် မော်ခီးတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း ပထမအကြိမ်သိမ်ပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်‌စီကပြန် လည်သိမ်းယူခဲ့ကာ ယနေ့တွင် KNLA ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၃ ရက်နေ့က ဘလက်ဒို စခန်းနှင့် ၂၈ ရက်နေ့တွင်လည်း ကနဲလေးစခန်းကို KNLA ပူး ပေါင်းအဖွဲ့မှသိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယခုမေလ နောက်ဆုံးပတ်အတွင်း မြဝတီမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ပုံစာ- ၂၀၂၂ ခုနှစ်က သိမ်းပိုက်နိုင်ခဲ့သည့် မော်ခီးတပ်စခန်း၊ ကနဲလေးစခန်းမှရရှိသည့် လက်နက်များ၊ ဘုရင့်နောင်တပ်စခန်းကုန်းတွင် ပူးပေါင်းအဖွဲ့အလံစိုက်ထူ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *