ဒေါက်တာဇော်ဦး ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရ

စစ်ကောင်စီအကြံပေး ဒေါက်တာဇော်ဦး ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရ

အာဏာသိမ်း စစ်ကောင်စီ​၏ အကြံပေးတဦးဖြစ်သည့် ဒေါက်တာဇော်ဦးကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် မေလ ပထမပတ်ထဲတွင် ခန့်အပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ယနေ့ (မေ ၃၀) ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြသည်။

အာဏာသိမ်းကာလအတွင်း ဗဟိုဘဏ် ဉက္ကဋ္ဌ ခန့်အပ်ခံရသည့် ဒေါ်သန်းသန်းဆွေအပါအဝင် လူပုဂ္ဂိုလ် ခြောက်ဦးဖြင့် ဖွဲ့စည်းထားသည့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့တွင် စစ်ကောင်စီက ဒေါက်တာဇော်ဦးကို အဖွဲ့ဝင်အဖြစ် ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်ဦးသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတဟောင်း ဦးသိန်းစိန်၏ စီးပွားရေး အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးပညာရှင်တဦးဖြစ်သည်။

ထို့ပြင် လူမှုစီးပွားရေးဆိုင်ရာ မူဝါဒရေးရာများကို သုတေသနပြုလုပ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် မြန်မာ့လူမှုစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD)၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သည်။

၎င်းသည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းတဦးဖြစ်ကာ ၂၀၀၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်း၊ ဦးအောင်နိုင်ဦးတို့နှင့်အတူ ဗဟုဖွံ့ဖြိုးရေးအဖွဲ့ကို စတင်ဖွဲ့စည်းရာတွင်လည်း ပါဝင်ခဲ့သည်။

ဒေါက်တာဇော်ဦးအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းသည့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)တွင် ဒါရိုက်တာအဖြစ် ပါဝင်ပြီး လက်ရှိတွင်လည်း ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *