စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဘိလပ်မြေစက်ရုံ တဝက်ကျော် ရပ်ဆိုင်းခဲ့ရ၍ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဘိလပ်မြေ လိုအပ်ချက်ကြီးမားနေသဖြင့် နိုင်ငံတကာသို့ အကူညီတောင်းခံကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ယနေ့ ပြုလုပ်သော ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ပြောသည်။
အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (MNTT) တို့က မေလ ၃၀ ရက်နှင့် ၃၁ ရက်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်နေခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်က “ဘိလပ်မြေ စက်ရုံတော်တော်များများ တဝက်လောက်က ရပ်နေတယ်။ အမြန်ဆုံးလည်အောင်လုပ်ပါ။ တည်ဆောက်ရေးမှာ မရှိမဖြစ်လိုအပ်တယ်ပေါ့။ သံနဲ့ ပတ်သက်ရင်လည်း Deformed bar( ကွန်ကရစ်အားဖြည့်သံချောင်း) တွေ အရေးကြီးပါတယ်။ ပြည်တွင်းမှာ လုံလောက်မှုမရှိဘူး။ နိုင်ငံတကာကို အကူညီတောင်းတဲ့နေရာမှာ နှစ်ချက်တောင်းပေးပါ။ ဘိလပ်မြေနဲ့ Deformed bar ပေးပါ”ဟု တောင်းဆိုခဲ့သည်။
လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတို့၌ ဘိလပ်မြေ လိုသလောက်မရဘဲ အကန့်အသတ်ဖြင့် တန်းစီဝယ်နေရသလို ဈေးနှုန်းမှာလည်း တအိတ်လျှင် ၂၆၀၀၀ မှ ၄၀၀၀၀ ကျပ်အထိ ရှိကြောင်း ဒေသခံများထံက သိရသည်။




ပုံစာ-ယနေ့ ပြုလုပ်နေသော ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ/ MOI


Leave a Reply