ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက လှုတ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်၊ ပျက်စီးခဲ့တဲ့ နေပြည်တော် ပြန်လည်တည်ဆောက်ရေးအတွက် ထိပ်သီးခရိုနီဦးရေ အနည်းဆုံး တစ်ဒါဇင်ကျော်နဲ့ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့တို့က အဓိက ငွေကြေးကူညီပေးကြမယ်လို့ စုံစမ်းသိရှိရပါတယ်။
ရရှိထားတဲ့ စာရင်းအရ ခရိုနီကြီး ၁၃ဦးနဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားအဖွဲ့ NDAA တို့က နေပြည်တော်ပြန်လည်တည်ဆောက်ရေးအတွက် ကူညီကြမှာ ဖြစ်ပါတယ်။
ခရိုနီကြီးတွေကတော့ စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီသူဌေး မောင်ဝိတ်၊ ဧရာဝတီဘဏ်သူဌေး ဦးဇော်ဇော်၊ စီဘီဘဏ်သူဌေး ဦးခင်မောင်အေး၊ MAB ဘဏ်နဲ့ ဧဒင်အုပ်စုပိုင်ရှင် ဦးချစ်ခိုင်ရဲ့သား ဦးဝဏ္ဏခိုင်၊ ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ A Bank နဲ့ ဧရာဟင်္သာလုပ်ငန်းစုသူဌေး ဦးဇော်ဝင်းရှိန်၊ ATOM ဆက်သွယ်ရေးပိုင်ရှင် ရွှေဗျိုင်းဖြူကုမ္ပဏီ သူဌေး ဦးသိန်းဝင်းဇော်၊ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ BOC စက်သုံးဆီလုပ်ငန်းရှင် ဦးအောင်ရွှေနဲ့ ဦးဝင်းဆွေ၊ PT Power စက်သုံးဆီလုပ်ငန်းရှင် ဦးခင်မင်းအောင်(ခ) သားကြီး၊ စားသုံးဆီတင်သွင်းရောင်းချတဲ့ Six Winner Brother ကုမ္ပဏီပိုင်ရှင် ဦးမောင်စိန်၊ TMS Auto & KLNA ကုမ္ပဏီက ဦးမျိုးလွင်၊ KGL ကုမ္ပဏီက ဦးမြင့်စိန်(ခ) ဖီးလစ် တို့လည်း စစ်ကောင်စီဝန်ထမ်းအိမ်ရာတွေအတွက် ငွေကြေးစိုက်ထုတ်ကြမယ်လို့ လက်ခံရရှိတဲ့ စာရင်းများအရ သိရပါတယ်။
ရရှိထားတဲ့ စာရင်းဟာ တစိတ်တဒေသသာဖြစ်ပြီး တခြားနာမည်ကျော် ခရိုနီတွေဖြစ်ကြတဲ့ ဦးတေဇနဲ့ ဦးအောင်ကိုဝင်းတို့ဟာ ငလျင်ဘေးအတွက် စစ်ကောင်စီကို ဘယ်လောက် လှူဒါန်းထားတယ်ဆိုတာကို မသိရသေးပါဘူး။
ခရိုနီကြီးတွေဟာ ငလျင်ကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူတွေကို တိုက်ရိုက်မထောက်ပံ့ဘဲ စစ်ကောင်စီကို ကူညီနေတာဟာ သူတို့အကျိုးစီးပွား လုပ်ပိုင်ခွင့်အတွက် အကျိုးလိုလို့ ညောင်ရေလောင်းနေတာလို့ ပြည်တွင်းက အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသူတစ်ဦးက ထောက်ပြပါတယ်။
✍အောင်နိုင်


Leave a Reply