မြဝတီခရိုင်အတွင်းရှိ စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက အဆက်မပြတ် တိုက်ခိုက် နေရာ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ထွက်ပြေးကြသလို အများအပြား လက်နက်ချလိုက်ရသည်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်စခန်း ၅ ခု ထက် မနည်းကို တော်လှန်ရေးအင်အားစုက တစ်ပတ် အတွင်း သိမ်းပိုက်လိုက်သည်ဟု ထိုဒေသ စစ်ရေး အရင်းအမြစ်များထံက သိရသည်။

ကရင့်အမျိုးသား တပ်မတော် (KNLA) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG/MOD) ၏ တပ်များက နယ်စပ်ရှိ စစ်ကောင်စီ၏ အရေးပါသည့် သေဘောဘိုးစခန်းကို ထိုးစစ်ဆင်နေချိန် မြဝတီ-ဝေါလေလမ်းမှ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းများကို နေ့စဉ် ရရှိနေခြင်းဖြစ်သည်။

မဟာမိတ်တပ်ဖွဲ့များက မေ ၂၃ တွင် ဘလက်ဒို တပ်စခန်း၊ မေ ၂၈ မှ မေ ၃၀ အတွင်း ကနဲ့လေ၊ ရွှေအေးမြိုင် (ဝါမီးထ)၊ မော်ခီး၊ ဘုရင့်နောင် တပ်စခန်းတို့ကို သိမ်းခဲ့သည်။

KNLA တပ်မဟာ ၇ နှင့် တပ်မဟာ ၆ ဒေသတွင်းရှိ သိမ်းလိုက်နိုင်သည့် စခန်း အရေအတွက်ကို ထုတ်ပြန်သွားမည်ဟု KNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။

“ကျွန်တော်တို့ ပြန်ပြီး တော့ သိမ်းပိုက်တဲ့ အချိန်မှာ တစ်ရက် နှစ်ရက်လောက်နေရင် စခန်း တစ်လုံး၊ တစ်ရက် နှစ်ရက်လောက် နေရင် စခန်း တစ်လုံး အဲဒီလို ကျသွားတယ်ဆိုတာက တော်တော်လေး ကို သူတို့ အခြေအနေ ဆိုးနေပြီဆိုတာက အဲဒါက ဖော်ပြနေတာပဲ” ဟု KNU ပြောခွင့်ရ ဖဒို စောတာနီးက ပြောသည်။

အဆိုပါ စခန်းများသည် လွန်ခဲ့သည့် နှစ် ၃၀ က KNU စွန့်လွှတ်လိုက်ရသည့် စခန်းများ ဖြစ်သည်၊ စစ်ကောင်စီတပ် ထိုစခန်းများတွင် တည်ရှိနေလျှင် ဒေသအုပ်ချုပ်ရေးကို များစွာ အနှောက်အယှက်ဖြစ်စေသည်ဟု ၎င်းက ဆက်ပြောသည်။

“နယ်စပ် တကြောမှာ ပိတ်ခံနေတဲ့ စခန်းကြီးကြီးပဲ ပြောပြော၊ သေးသေးပဲ ပြောပြော ဘာမှ မထားတော့ဘဲ အကုန်လုံး ရှင်းထုတ်လိုက်ဖို့ဆိုတာ အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်တယ်။ အဲဒါက ပထမ ခြေလှမ်းလို့ ပြောလို့ ရတာပေါ့” ဟု ၎င်းက ပြောသည်။

KNU ၏ ပြောဆိုချက်၊ မြဝတီခရိုင်တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်၏အင်တာနက်စာမျက်နှာတွင်လည်း အဆိုပါတိုက်ပွဲများသတင်းကို ဖော်ပြမထားပေ။

မေ ၂၃ တွင် မဟာမိတ်တပ်များက သေဘေ့ာဘိုး စခန်းကို ထိုးစစ်ဆင်နေခဲ့ပြီး စစ်ကူ လာသည့် စစ်ကောင်စီတပ်ကို မေ ၂၈ တွင် မြဝတီ-ဝေါလေလမ်းပေါ်ရှိ ဆုံဆည်းမြိုင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၂၀ ကျော်နှင့် လက်နက် အများအပြား ရရှိခဲ့သည်။

ထိုရွာသည် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) ဌာနချုပ်တည်ရှိသည့်နေရာ ဖြစ်သည်။

စစ်ကောင်စီတပ်၏ ထောက်ပို့၊ချိတ်ဆက်ရေးလမ်းကြောင်းများ ပြတ်တောက်နေပြီး လေကြောင်း ပစ်ကူနှင့် မြေပြင်ပစ်ကူများ အလွယ်တကူ မရောက်ရှိသည့် အချိန်တွင် အမိအရ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး စောင့်ကြည့်လေ့လာသူ ဦးထွန်းထွန်း ( အရေးတော်ပုံ တပ်သား) က ပြောသည်။

“ဒါကြောင့်မို့လို့ ခု ၃ ရက်အတွင်းမှာ ဘလက်တိုပြီးတာနဲ့ သိမ်းသွားတယ်။ ဆုံဆည်းမြိုင်မှာ ချေမှုန်းတယ်။ ကနဲလေးကို တိုက်တယ်။ အဲဒီမှာ လက်နက်ကြီးကုန်းကဟာတွေ အကုန်ရတယ်။ လက်နက်ကြီးကုန်းက ထွက်ပြေးသွားတဲ့ သုံပန်းတွေကို ဖမ်းမိသွားတယ်” ဟု ၎င်းက ပြောသည်။

ဒေါနတောင်တန်း အရှေ့ဘက်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်ရှိ စစ်ကောင်စီ၏ ဘလက်တို စခန်းကို မေ ၂၃ တွင် စတင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်များက သေဘော့ဘိုး စခန်းကို ထိုးစစ်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က စစ်ကူလွှတ်လိုက်ခြင်းမှာ ကြီးမှားသည့် စစ်ရေး မှားယွင်းမှုဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

“ဒီ ကမ်းရိုးတန်းတပ်ဖြစ်တဲ့ ဘုတ်ပြင်း အခြေစိုက်တပ်မ ၅၅၉ က ၇၂ ယောက်ကို လွှတ်လိုက်တယ်၊ အဲဒီလို လွှတ်လိုက်တဲ့ အခါမှာလည်း လေကြောင်း ပစ်ကူမရှိဘူး၊ ဘာအကာအကွယ်မရှိဘူး။ လက်လွယ်စပယ်လွှတ်လိုက်တဲ့ ဗျူဟာ အမှားကြောင့် ၂၈ မေလ မှာ လွယ်လွယ်လေးပဲ ဗိုလ်တာဘောတို့က ကောက်စားလိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်တာဘောသည် ထိုဒေသရှိ အထင်ကရ တပ်မှူးတစ်ဦးဖြစ်သည်။

ထိုစခန်းသိမ်း တိုက်ပွဲများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ၊ တောင်ပိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မေ ၂၈ ည တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိသည့် ကနဲလေး တပ်စခန်းကို စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက် ၆၀ ကျော်ရရှိခဲ့သည်၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားကြသည်ဟု ထို တိုက်ပွဲ တွင် ပါဝင်ခဲ့သည့် Force For Federal Democracy(FFD) အဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

“တောင်ပိုင်းတိုင်းမှာဆိုရင်တော့ ၂၀၂၅ မှာ စစ်ရေး ဖော်ဆောင်မှုတွေ အင်တိုက်အားတိုက် တွန်းပြီးတော့ လုပ်ဆောင်နေပြီးတော့ နယ်မြေစိုးမိုးမှုတွေရအောင် ရန်သူ့ရဲ့ အထိုင်စခန်းတွေ လက်နက်ကြီးစခန်းတွေ ကာကင်းစခန်းတွေများစွာကို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ နယ်စပ် တပ်စခန်းများ ၅ ခုထက်မနည်းကို ၃ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ သော်လည်း မဟာမိတ် ပူးပေါင်းတပ်များက အဓိက အရေးပါသည့် ဝေါလေ ဗျူဟာကုန်း၊ တီသဲလယ်ကာကင်းစခန်း၊ သေ့ဘော ဘိုးစခန်း၊ ဥကရစ်ထ ၊ နှင့် ထီးကပယ်စခန်းများကို ထိုးစစ်ဆင်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၈ ခု ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU က မေ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်များက ထိုင်း-မြန်မာနယ်စပ် KNLA တပ်မဟာ ၆ နယ်မြေ၊ KNU ဒူးပလာယာခရိုင်ရှိ သေဘောဘိုး၊ ဝေါလေ၊ ကျောက်ခက်၊ ဖလူး စသည့် စစ်ကောင်စီ တပ်စခန်းများကို ယခင်က သိမ်းပိုက်နိုင်ခဲ့​​ပြီး စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည့် တပ်စခန်းများ ဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *