မြဝတီမြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီမြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဝင်းသည် စောချစ်သူလမ်း အတွင်းကို ကားဖြင့် ဝင်လာစဉ် အမည်မသိ သေနတ်သမားများက ကားကိုတား၍ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး လှဝင်းသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီး ခဏအကြာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ရုပ်အလောင်းကို သယ်ဆောင်သွားကြောင်း သိရှိရသည်။

“မြဝတီ မြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဝင်း ပစ်ခတ်ခံရပြီးသေပြီလို့ သိရတယ်။ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်သွားတာ ဘယ်အဖွဲ့တွေ ပစ်တာလည်းဆိုတာတော့ မသိဘူး။ ကားကိုတားပြီး ပစ်သွားလို့သိရတယ်။ ပစ်ခတ်မှုဖြစ်ပြီး မကြာဘူး စစ်ခွေးတွေရောက်လာပြီး အလောင်းသယ်ထုတ်သွားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လှဝင်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသူဖြစ်ပြီး ပြည်သူများထံမှလည်း ငွေကြေးအတောင်းအရမ်း ကြမ်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ည ၈ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ၂၇၅ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်နေပြီး မည်သည့်နေရာ၌ ကျရောက် ပေါက်ကွဲသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *