ဧရာဝတီတိုင်း ၊ရေနံ့သာဂိတ်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးသေဆုံးပြီး အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်- မုံရွာလမ်းပေါ်ရှိ ရေနံ့သာဂိတ်အနီး ဓမ္မပါလ နဂါးရစ်တောင်စေတီဘက်တွင် စစ်ကောင်စီနှင့် AAပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် သုံးဦးသေဆုံးကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ကြောင်းကို AA နှင့်ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ ၂၇မှတပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယနေ့ ဇွန် ၄ရက် နံနက် ၈နာရီ ၂၅မိနစ်ခန့်က ကုန်းပြင်တိုက်နယ်နှင့် အမြောက်တပ် ၃၄၄တို့မှလက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တပ်ရင်းမှူး‌သေတယ်လို့တော့ပြောတယ်။ မနေ့က ညနေ လေးနာရီလောက်ကတည်းက အမြောက်တပ်ကနေလက်နက်ကြီးနဲ့ထုနေတာ။ ဒီနေ့မနက်လည်းထပ်ထုတယ်။ ဆက်တိုက်မို့ ငသိုင်းချောင်းမြို့ပေါ်ထိ အသံတွေကြားနေရတယ်” ဟု ငသိုင်းချောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ပစ်ခတ်သံများမှာ ငသိုင်းချောင်းမြို့ပေါ်အထိကြားရပြီး ဒေသခံများစိုးရိမ်ထိတ်လန့်ကာ ကျောင်းတက်နေသည့် ကလေးများကိုပါ အိမ်သို့ပြန်လည်ခေါ်ဆောင်သွားကြကြောင်း သိရသည်။

ဓမ္မပါလ နဂါးရစ်တောင်စေတီအနီးတိုက်ပွဲဖြစ်ပွားစဉ်ကလည်း အမတ ၃၄၄မှနေ၍ လက်နက်ကြီး ပစ်ကူများပေးခဲ့ပြီး သီတာကုန်းပြင်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အမြောက်တပ်အနီးဝန်းကျင်တွင်ကာကင်းများတိုးချဲ့အခြေပြုထားပြီး အမြောက်တပ်အတွင်း အင်အားတိုးချဲ့မှုများပြုလုပ်ထားကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *