စစ်ကောင်စီ စနိုက်ပါတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ၉/အညာမြေစစ်ဆင်ရေးအတွင်း ဖမ်းမိ

စစ်ကောင်စီ၏ စနိုက်ပါ တပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ပေါ်တာဆွဲခံရ၍ စစ်ကြောင်းထဲ ပါလာသည့် အဓမ္မစစ်မှုထမ်းရသူရှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် ၁၀ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးအောင်က ပြောသည်။

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်ကောင်စီအား မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်းနှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များမှ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာမှ စစ်ကောင်စီတပ်သားများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်က ဝက်လူးစခန်းသို့ စစ်ကူအဖြစ်ရောက်ရှိလာသော စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစေခိုင်းရန် အတင်းအဓမ္မပေါ်တာဆွဲခံရသော လူငယ် ရှစ်ဦးကို ကနဦးကယ်ထုတ်ခဲ့​ကြောင်း အသိပေးသည်။

“ပေါ်တာဆွဲခံရတဲ့သူတွေက (စစ်ကောင်စီ စစ်မှုထမ်း)အပတ်စဉ်(၉)ပါမယ်၊ အပတ်စဉ်၁၀ ပါမယ်။ နေပြည်တော်၊ တာချီလိတ်၊ ဧရာဝတီတိုင်းဘက်က လူတွေဖြစ်ပါတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စနိုက်ပါတစ်ဦး ၊ တပ်သားတစ်ဦးတို့ကို မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် အမှတ်(၁၀)တပ်ရင်းတို့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

“ဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်လာတဲ့၊ ပေါ်တာဆွဲလာတဲ့ လူငယ်တွေများတယ်။ လူငယ်တွေအနေနဲ့ ရတဲ့နည်းနဲ့ ပြည်သူ့ရင်ခွင်ဘက်ကို ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဆီ ထွက်ပြေးတာတွေ၊ လက်နက်ချတာတွေလုပ်ကြပါ”ဟု ကိုစိုးအောင်က တိုက်တွန်းသည်။

ထို့အပြင် ဇွန်လ ၃ ရက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၄)ဦးထက်မနည်း သေဆုံးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ခဲယမ်းအချို့နှင့် ရန်သူ့အလောင်း တစ်လောင်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်မှစ၍ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် မြို့နယ်တို့မှ စစ်ကောင်စီဂိတ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိကာ လက်နက် ၂၇လက် သိမ်းဆည်းရရှိကြောင်း ၉/ အညာမြေ စစ်ဆင်ရေးက ထုတ်ပြန်ထားသည်။

မြင်းခြံမြို့နယ်ရှိ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံး ၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်း Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ်တွင် ထနောင်းကုန်းပျူရွာစခန်း၊ မြို့ဝင်ဂိတ် Gas ပိုက်လိုင်းနှင့် ငါန်းဇွန်မြို့နယ်ရှိ မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – Soe Aung/FB

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *