ရိုးမကို ဖြတ်ကျော်ခြင်း (သို့မဟုတ်) မကွေးဝင်ပေါက်ရဲ့ နောက်ဆုံးခံတပ် နတ်ရေကန်

“မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း…။ မြောက်ဘက်ကိုဦးတည်လှည့်ကာ သားပေါက်ရာ အရပ်ဆီမိုင် ထောင်ချီ ပြန်လေပြီ…။ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်…”

အဆိုတော် ခင်မောင်တိုးရဲ့ “ကြိုးကြာသံ” သီချင်းစာသားထဲက ကြိုးကြာငှက်တို့ ရိုးမအထပ်ထပ်ကို ဖြတ်ကျော်ပြီး မိုင်ထောင်ချီတဲ့ မွေးရပ်မြေခရီးကို ပြန်ကြသလို တော်လှန်သူတွေရဲ့ အိမ်ပြန်ခရီးအတွက် အာရက္ခတပ်တော် (AA)နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေဟာ ရခိုင်ရိုးမပေါ်ကို ချဉ်းနင်းဝင်ရောက် ဖြတ်ကျော်နေပါပြီ။

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတတိယပတ်အကုန်မှာ သိမ်းပိုက် ရယူပြီးနောက် ပထဝီလမ်းကြော တစ်ဆက်တည်းရှိနေတဲ့ မြေပြန့်ဒေသ မကွေးတိုင်းအတွင်းပိုင်းထိ ဝင်ရောက်နိုင်ဖို့ ထိုးစစ်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ရခိုင်ရိုးမတောင်ကြောကနေ မြေပြန့်မကွေးတိုင်းအတွင်းပိုင်းထိ ဝင်ရောက်နိုင်ဖို့ အဓိက လမ်းကြောင်းဟာ အမ်း-ပ ဒါန်းလမ်းကြောပဲဖြစ်ပါတယ်။ အဲဒီနယ်ကြားမျဉ်း လမ်းကြောပေါ် တရုတ်ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းကို လုံခြုံရေး ယူထားတဲ့ စစ်အုပ်စု စခန်းတွေလည်းရှိသလို စစ်ရေးအရဗျူဟာကျတဲ့ အထိုင်စခန်းတွေလည်းရှိ နေခဲ့တာဖြစ်ပါတယ်။

အဲဒီလို စစ်အုပ်စုစခန်းတွေရှိနေတဲ့ အမ်း-ပဒါန်းလမ်းကြောပေါ်ကို ဖြတ်ပြီး မကွေးတိုင်းအတွင်းကို ဝင်ရောက်နိုင်ဖို့ အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ အခုနှစ် ဇန်နဝါရီလမှာ စတင်ထိုးစစ်ဆင်နေ ခဲ့တာပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း နယ်ခြားမျဉ်းပေါ် တရုတ်ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းကို လုံခြုံရေးယူထားတဲ့ စစ်အုပ်စု ကံမြင့်ကန်စခန်းကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၂ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် မကွေးတိုင်းအတွင်းပိုင်းထိ ရောက်ရှိလာတဲ့ အာရက္ခတပ်တော်ဟာ အမ်း-ပဒါန်းလမ်းပေါ်ရှိ အထက်တုံးကြီး၊ အောက်တုံးကြီးနဲ့ မထုံကျေးရွာတွေက စစ်အုပ်စုအထိုင်စခန်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် မကွေးတိုင်းအတွင်းပိုင်းအထိ တဖြည်းဖြည်းတိုးဝင်လာခဲ့ပြီး ပုသိမ်-မုံရွာလမ်းပေါ် ပဒါန်းမြို့နဲ့ မိုင် ၂၀ ခန့်အကွာ၊ မျဉ်းဖြောင့်အတိုင်းဆိုပါက ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ နတ်ရေကန်စစ်အုပ်စုအထိုင်စခန်းကို တိုက်ခိုက် နေတာ အခုဆိုရင် တစ်လကျော် ရှိလာပြီဖြစ်ပါတယ်။

ရခိုင်ရိုးမရှိ အမ်း-ပဒါန်းလမ်းကြောပေါ်က အမြင့်ပေ မီတာ ၁၅၀၀ လောက်ရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာ ကွယ် ရေး အထိုင်ချစခန်းဟာ စစ်ရေးအရ ဗျူဟာကျတဲ့ စခန်းဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ မြေပြန့်မကွေး ဒေ သဆီဝင်ရောက်နိုင်ဖို့ စစ်အုပ်စုရဲ့ နောက်ဆုံးခံတပ်စည်းတစ်ခုလည်း ဖြစ်ပါတယ်။

“နတ်ရေကန်က အကြီးဆုံးပဲ။ ဗျူဟာလည်းကျတာပေါ့။ ကားလမ်းအပေါ်စီးကပဲ အမြင့်ဆုံးနေရာမှာလည်း နေနေ တာ။ သူကျရင်တော့ ကျန်တဲ့ဟာတွေကတော့ ရိုးမကြီးကို ထိန်းဖို့ခက်သွားမှာပေါ့။ ရိုးမကြီးထိန်းဖို့ခက်တယ်ဆိုရင် ကပစ ၁၄ က ရိုးမအခြေမှာ ဆောက်ထားတာလေ။ အဲဒီဟာတွေက တော်လှန်ရေးအဖွဲ့တွေ ဝင်ထွက်ရတာပိုလွယ် သွားတာပေါ့။ နတ်ရေကန်ကတော့နောက်ဆုံးစည်းလို့ပြောလို့ရတယ်”လို့ ရခိုင်ရိုးမပေါ်မှာလှုပ်ရှားနေတဲ့ တော်လှန် ရေး အဖွဲ့တစ်ခုရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ်ထဲမှာရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းဟာ စစ်အုပ်စု အင်အား ၄၀၀ လောက်နဲ့ အထိုင်ချထားတဲ့ စခန်းဖြစ်ပြီး အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ လ ၁၈ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်းဘက်ခြမ်း အမ်း-ပဒါန်းလမ်းလမ်းပိုင်း ရခိုင်ရိုးမပေါ်ကနတ်ရေကန်စခန်းဟာ အမြင့်မားဆုံးတောင်ထိပ် စခန်းဖြစ်သလို စစ်အုပ်စုအင်အား အကောင်းဆုံးဖွဲ့စည်းထားတဲ့ အခိုင်အမာစခန်းလည်းဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“ဒီဘက်တော့မရှိတော့ဘူး။ နတ်ရေကန်ပြီးရင် ပြီးပြီ၊ တောင်ပေါ်ကတော့။ ဂုတ်ကြီးကလည်း နတ်ရေကန်နားမှာပဲ။ နတ်ရေကန်ပဲ Main (အဓိက)ယူထားတာ။ အနားကစခန်းတွေ နတ်ရေကန်ပြီးရင် ပြီးသွားပြီ။ အခုတောင်မှ လှုပ် မရတာ။ နတ်ရေကန်မကျခင်တောင် လှုပ်မရတာ။ ကားလမ်းလောက်ပဲ ပွိုင့်လေးတွေချပြီးတော့ ကင်းပုန်းဝပ်။ အဲ လောက်အဆင့်ပဲ ဖြစ်သွားပြီ”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။

နတ်ရေကန်စခန်းရဲ့ အောက်ဘက်ကပ်ရက်မှာ လင်းတဲ၊ စွန်တက်၊ ဗစည်၊ လိုင်းနောင်နဲ့ ဂုတ်ကြီးဆိုတဲ့ ရွာတွေ ပတ် ချာလည်တည်ရှိနေပြီး အဲဒီရွာတချို့မှာလည်း စစ်အုပ်စုစခန်းတွေရှိနေသေးပေမဲ့ နတ်ရေကန်အထိုင်စခန်းကျတာ နဲ့ အလိုလိုပြိုကျလာမယ့် စခန်းတွေဖြစ်တယ်လို့ သူကဆိုပါတယ်။

နတ်ရေကန်စခန်းကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်ချိန် မှာ စစ်အုပ်စုအဖွဲ့ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံရတာကြောင့်စခန်းစွန့်ခွာထွက် ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

“ဆုတ်ခွာလာတယ်ဆိုတာကလည်း နတ်ရေကန်တစ်စခန်းလုံးကြီး ဆုတ်ခွာလာတာမဟုတ်ပါဘူး။ အာရက္ခတပ် တော်အနေနဲ့ ဟိုဘက်ကလည်း ထိုးလာတယ်ဆိုတဲ့ အရှိန်ကြောင့် ဖြစ်မယ်လို့ သုံးသပ်ရတယ်။ အဲလိုမျိုးကြောင့် ခဲယမ်းတွေ လက်နက်ကြီးအပါအဝင် တခြားခဲယမ်းတွေကို ရွှေ့ပြောင်းတယ်လို့ ပြောလို့ရပါတယ်။ အပြီးအပိုင်ကြီး စခန်းကိုစွန့်ခွာ ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူး”လို့ ချင်းကာကွယ်ရေးတပ်-အရှို တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆ လိုင်းရိုးချင်းက ပြောပါတယ်။

နတ်ရေကန်စခန်းနဲ့ အနီးအနားက ကာကင်းစခန်းတွေကနေ မကွေးတိုင်း အတွင်းပိုင်းထဲ ထွက်ပြေးလာတဲ့ စစ်အုပ် စုအဖွဲ့တွေကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက အသာစီးကနေ ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်သုံ့ပန်းတွေနဲ့ လက်ခဲယမ်းများစွာလည်း မကြားခဏဆိုသလို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါ တယ်။

လက်ရှိမှာ စစ်အုပ်စုအနေနဲ့ နတ်ရေကန်စခန်းမကျဖို့အရေး မကွေးတိုင်းဘက်ကနေ စစ်ကူတွေပို့ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီလို နတ်ရေကန်ကို စစ်ကူပို့ဆောင်တဲ့အခါ မူလလမ်းဟောင်းဖြစ်တဲ့ ဗစည်လမ်းဟောင်းကနေ ပို့ဆောင်တာများတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“လမ်းဟောင်းဆိုတာက ဂျပန် ခေတ်ကဖောက်တဲ့ အမ်းတောင်ကြားလမ်းပေါ့။ အဲဒါကိုရှောင်ကွင်း လမ်းလုပ်လိုက် တော့ ပျဉ်းဝဂိတ်ကနေပတ်ပြီး ဒီဘက်တုံးကြီးရွာကျမှ လမ်းဟောင်းနဲ့လမ်းသစ်ကဆုံတာ။လမ်းဟောင်းကပဲပို့တာ များတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ နတ်ရေကန်စခန်း မကျဖို့ အားဖြည့် စစ်ကူပို့တာတွေအပြင် လေကြောင်းကနေ လက်နက်ကြီးတွေ အသုံးပြုပြီး နတ်ရေကန်စခန်းဘေးက ရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ နတ် ရေကန်စခန်း အောက်ဘက် လင်းတဲရွာဆိုရင် စစ်အုပ်စုက ဖေဖော်ဝါရီလ ၂၄ ရက်က တစ်ကြိမ်၊ မတ်လ ၃ ရက်က တစ်ကြိမ် နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ သုံးဦးသေဆုံးခဲ့ကာ ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဆိုပါတယ်။

“လေယာဉ်ကတော့ ထိုးစစ်အရှိန်မြှင့်လာပြီဆိုရင်တော့ သူတို့ပစ်ကူတောင်းတဲ့အတိုင်း လာတာပေါ့နော်။ ပုံမှန်ဆို ရင်တော့ ကင်းထောက်လေယာဉ်ကတော့ နေ့ညဒီလိုပဲ ကင်းထောက်ပြီးတော့ အဲဒီကရတဲ့အချက်အလက်နဲ့ လေ ကြောင်းပစ်တာတို့ လက်နက်ကြီးပစ်တာတို့ အဲလိုပဲ လောလောဆယ်လုပ်နေတာပေါ့”လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အထိနာနေတဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ရုံတင်မက ဖမ်းဆီးတာ တွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး မတ်လ ၁၅ ရက်ကနေ ၁၉ ရက်ထိ သုံးရက်အတွင်း အရပ်သားပြည်သူ ကိုးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အရှိုချင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့မကွေးတိုင်း ပဒါန်းမြို့ကြား လမ်းကြောတစ်လျှောက် ကျေးရွာတွေဟာ အရှိုချင်းကျေး ရွာတွေဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာလည်း အရှိုချင်းတွေ ဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့ရဲ့တာ ဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

နတ်ရေကန်စခန်းကနေ မကွေးဘက်ကို ဆင်းလာပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်အုပ်စုစခန်း၊ ညောင် ပင်ကုန်းရွာအနီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်စခန်း၊ ပျဉ်းဝရွာစစ်အုပ်စုဂိတ်စခန်း၊ ပျဉ်းဝရွာအနီးကဘုရား တောင်ကုန်းပေါ်ရှိ စခန်း၊ ပဒါန်းမြို့အနီး ဆုံကုန်းရွာနားက အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၅)၊ စာတတ်ကူရွာအနီးက အမြောက်တပ်(အမတ-၄၀၉)နဲ့ ဖိုကုန်းရွာအနီးက အမြောက်တပ်(အမတ-၃၇၅) စတဲ့ တပ် စခန်းတွေရှိနေတယ်လို့ဆိုပါတယ်။

အဲဒီစစ်အုပ်စုစခန်းတွေဟာ လက်ရှိ အာရက္ခတပ်တော် တိုက်ခိုက်နေတဲ့ နတ်ရေကန်စခန်းနဲ့ ပဒါန်းမြို့ကြားမှာရှိ နေတဲ့ စစ်အုပ်စုစခန်းတွေပဲ ဖြစ်တယ်လို့ဆိုပါတယ်။

ငဖဲမြို့အနောက်ဘက် ရှောက်တောင်ရွာအနီးမှာလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) ရှိတယ်လို့ဆိုပါ တယ်။

နတ်ရေကန်စခန်းရှိရာ ရခိုင်ရိုးမပေါ်ကို စစ်အုပ်စုအင်အားတွေ စစ်ကူပို့ရာမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ကြား ဖြတ် တိုက်ခိုက်ခံရမှုတွေကြောင့် လက်ရှိအချိန်မှာတောင် လွယ်ကူခြင်းမရှိသလို တကယ်လို့ နတ်ရေကန်စခန်း ကျ သွားပါက စစ်အုပ်စုအနေနဲ့ ရိုးမပေါ်ကို တက်လာဖို့ အလှမ်းဝေးသွာပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ် ပါတယ်။

“တောင်ပေါ်တွေသိမ်းရင် မြေပြန့်ကတော့အခုတောင် သူတို့ တက်ချင်တိုင်း တက်မရပါဘူး။ ဒီဟာသာ သိမ်းပြီးပြီ ဆိုရင်တော့ တောင်ပေါ်တက်လာဖို့ကတော့ ဝေးသွားပြီလေ။ လေယာဉ်နဲ့လာကြဲချင်ကြဲဖို့ပဲ။ လက်နက်ကြီးပစ်ရင် ပစ်ပေါ့။ အဲလောက်အဆင့်ပဲဖြစ်သွားတော့မယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အင်္ဂလိပ်အက္ခရာ V ပုံစံ အုပ်စုလိုက် ပျံသန်းလေ့ရှိတဲ့ ကြိုးကြာငှက်တွေလို အာရက္ခတပ်တော်နဲ့ တော်လှန်ရေး အင် အားစုတွေ ရိုးမကို တဖြည်းဖြည်း ဖြတ်ကျော်ဖို့ ရှိလာနေပေမဲ့ မိုင်ထောင်ချီတဲ့ခရီးအတွက် အဓိကလိုအပ်တဲ့ သက် လုံး၊ ဇွဲ၊ ဖေးမမှုနဲ့ ညီညွတ်မှုတွေရှိပါမှ လိုရာခရီးရောက်မယ်ဆိုတာကို အဆိုတော် ခင်မောင်တိုးက “ကြိုးကြာသံ” သီချင်းစာသားထဲမှာ အခုလို သီဆိုထားခဲ့ပါတယ်။

“မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ လမ်းကြောင်းမှန် ရွေးခြယ်ခြင်း…။ အများနည်းတူသက်လုံမကောင်းရင် မွေးဖွားရာ အရပ်ဆီ မိုင်ထောင်ချီ ပြန်နေရင်း…။ ကြိုးကြာငှက် တချို့တလေ ချီလာစဉ် ကျန်ရစ်ပြီ…။ ဆုံးဖြတ်ချက် တစ်ခုချ မယ်။ အရှုံးနဲ့ အောင်မြင်ခြင်းဟာ ရှိသင့်တဲ့ အားနဲ့မာန်.. ဟန်နိုင်မှ…”

✍ထက်ဖြိုး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *