မန္တလေးမြို့လယ်က လူစည်ကားတဲ့ လမ်းပေါ်မှာ နေ့ခင်းကြောင်တောင် ဓားခုတ်လုယက်မှုဖြစ်
အမျိုးသမီးတစ်ဦး ဆိုင်ကနေ ငွေထုတ်ပြီး ပြန်ထွက်လာချိန် ဓားခုတ်လုယက်ခံရဟုဆို
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၇ လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားမှာ ဒီကနေ့ မွန်းလွဲပိုင်းက အမျိုးသမီးတစ်ဦး ဓားနဲ့ခုတ်ကာ လုယက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လုယက်ခံရသူဟာ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦး ဖြစ်ပြီး ငွေထုတ်ဆိုင်ကနေ ငွေထုတ်ပြီး ပြန်အထွက်မှာ လုယက်ခံရကာ ပုခုံးမှာ ဓားဒဏ်ရာရသလို ကျပ်သိန်း ၃၀ လောက်လည်း ပါသွားတယ်လို့ ဆိုပါတယ်။

“ဒီလောက်လူစည်တဲ့နေရာကို လုခံရတယ်၊ အတော်ဆိုးနေပြီ” လို့ ရပ်ကွက်ခံတစ်ဦးက မှတ်ချက်ပြု ပါတယ်။
လုယက်ခံရတဲ့ နေရာနဲ့ မနီးမဝေးမှာ မန္တလေးကုန်စည်ဒိုင် ရှိပြီး ဒီကနေ့ မွန်းလွဲ ၂နာရီဝန်းကျင် လူစည်ကားချိန်မှာ ဓားနဲ့ခုတ်ကာ ပိုက်ဆံအိတ်လုယက်သွားတာလို့ ရပ်ကွက်ခံတွေက ဆိုပါတယ်။
“(မန္တလေးမှာ) အဲ့လမ်းလောက် လူမပြတ်တာ အဲ့လမ်းပဲ ရှိတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

လုယက်တဲ့နေရာအနီးမှာ စစ်အုပ်စု စုဝေးနေလေ့ရှိတဲ့ ရပ်ကွက်ရုံးနဲ့ မီးသတ်ရုံးလည်း ရှိပါတယ်။
ဓားခုတ်လုယက်ခံရကာ ဒဏ်ရာရတဲ့ လူနာ အမျိုးသမီးကို အရေးပေါ်ကားနဲ့ ခေါ်ဆောင်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌါန (OPD) ကို ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ “မဏီစလ” လူမူကူညီရေးအသင်း (မန္တလေး) က ဆိုပါတယ်။
မန္တလေးမြို့က လူစည်ကားတဲ့ လမ်းမှာ နေ့ခင်းအချိန် ဓားခုတ် လုယက်ခံရသူကို ဆေးရုံပို့နေစဉ်/Photo – မဏီစလ” လူမူကူညီရေးအသင်း (မန္တလေး)


Leave a Reply