စစ်အုပ်စုစနိုက်ပါသမားတစ်ဦးနဲ့ တပ်သားတစ်ဦးကို အရှင်ဖမ်းမိ
တိုက်ပွဲမှထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်း ရှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့
၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော် တိုက်ပွဲကာလအတွင်း စစ်အုပ်စု ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၄ – ၁၀) က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ၉/ အညာမြေ စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ နွားထိုးကြီးနယ် ဝက်လူးနယ်မြေရဲစခန်းကို စခန်းသိမ်းနိုင်ဖို့ ပူးပေါင်းထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး စစ်အုပ်စုဘက်က ၄၀ ကျော်သေဆုံးကာ သေနတ် ၁၈ လက်နဲ့ ခဲယမ်းတွေအပါအဝင် စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်အုပ်စု စနိုက်ပါသမား တစ်ဦးနဲ့ တပ်သားတစ်ဦး တို့ကို အရှင်ဖမ်းဆီးရမိခဲ့ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝက်လူးတိုက်ပွဲကို စစ်ကူလာတဲ့ စစ်အုပ်စု စစ်ကြောင်းမှာ ပါလာခဲ့ပြီးနောက် ထွက်ပြေးလာတဲ့ စစ်မှုထမ်း သင်တန်းဆင်းလာသူ ရှစ်ဦးကိုပါ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးနယ် ဝက်လူးရဲစခန်းသိမ်းတိုက်ပွဲကို ငါးရက်ကြာ ကာလအတွင်း အထိနာတဲ့ စစ်အုပ်စုက လေကြောင်း ကနေ အကြိမ် ၁၀၀ ကျော် ဗုံးကြဲခုခံပစ်ခတ်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၄ – ၁၀)က ဆိုပါတယ်။

“9/A Nyar Myae Operation အဖြစ် အကြမ်းဖက် စစ်ကောင်စီအား ကျွန်ုပ်တို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်း နှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များမှ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကူအဖြစ်ရောက်ရှိလာသော စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၄င်းစစ်ကြောင်းမှ ထွက်ပြေး လာသော ( ပြည်သူ့စစ်မှုထမ်း )ဥပဒေဖြင့် အတင်းအဓမ္မ ပေါ်တာအဆွဲခံရသော လူငယ် ရှစ်ဦးအား အကြမ်းဖက် စစ်ကောင်စီထံမှ ကယ်ထုတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်နေသော စနိုက်ပါ တစ်ဦး၊ တပ်သား တစ်ဦး တို့အား ကျွန်ုပ်တို့ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်းမှ လက်ဝယ် ဖမ်းဆီးရမိခဲ့သည်”လို့ ဇွန်လ ၅ ရက် မနေ့က ထုတ်ပြန်ထားခဲ့ပါတယ်။

အလားတူ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ ဇွန်လ ၃ ရက် မနက်ပိုင်းမှာထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်သား လေးယောက်ထက်မနည်း သေဆုံးခဲ့ပြီး ခဲယမ်းအချို့နဲ့ စစ်အုပ်စုရုပ် အလောင်းတစ်လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်းက ဆိုပါတယ်။

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်အုပ်စု စစ်ကြောင်းတွေထဲမှာ ပေါ်တာဆွဲ ဖမ်းဆီး ထားတဲ့ စစ်သင်တန်းဆင်းလာသူတွေ အများအပြား ပါဝင်တယ်လို့လည်း မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်းထံ မှ သိရပါတယ်။
၉/အညာမြေ စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ မေလ ၁၅ ရက်က စတင်ကာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် စတဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်အုပ်စု အထိုင်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၅၀ ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအချို့ သိမ်းဆည်းရရှိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။


Leave a Reply