စစ်အုပ်စုအတွက် လေယာဉ် ပစ္စည်း တင်သွင်းနေတဲ့ လက်နက်ပွဲစား မိသားစုက မန္တလေး မဟာမုနိဘုရားကြီး ပြုပြင်ဖို့ ရွှေသုံးပိဿာနဲ့ ကျပ်သိန်း ၂၆,၀၀၀ လှူဒါန်း

မန္တလေးမြို့ မဟာမုနိဘုရားကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့တာတွေ ပြုပြင်နိုင်ဖို့ စစ်အုပ်စုရဲ့ လက်နက်ပွဲစား ဒေါက်တာ နိုင်ထွဋ်အောင် မိသားစုက ရွှေသား သုံးပိဿာနဲ့ ငွေကျပ် သိန်း ၂၆,၀၀၀ လှူဒါန်း တယ်လို့ သတင်းရရှိပါတယ်။

“မန္တလေးမြို့ မဟာမုနိဘုရားကြီးအား ဒေါက်တာနိုင်ထွဋ်အောင်+ဒေါက်တာဝေဝေရင် “ကွန်းခိုရာ” မိသားစုမှ ရွှေသား သုံးပိဿာ၊ အရှေ့စောင်းတန်း ခါးပြတ်ပြာသာဒ်နှင့် ကျောင်းတော်ကြီး တိုင်ခြောက်တိုင် တည်ဆောက် ပြုပြင်ရန်အတွက် ကျပ်သိန်း(၂၆၀၀၀) ရေစက်ချ လှူဒါန်း” လို့ မဟာမုနိဂေါပက အဖွဲ့ ဒီကနေ့ ဇွန်လ ၇ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ လှူဒါန်းငွေကို စစ်အုပ်စုခန့် တိုင်းဝန်ကြီးချုပ်နဲ့ ဂေါပက အဖွဲ့က လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာနိုင်ထွဋ်အောင်ဟာ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ညီဖြစ်ပြီး ယခင်က မကာအိုမှာ နေထိုင်ကာ မန္တလေးဇာတိလို ဖြစ်နေသူ ဖြစ်တယ်လို့ နီးစပ်သူတချို့က MFP ကို ပြောပါတယ်။

“သူ့အဖေက ၁၉၈၇/၈၈ က မန္တလေး သစ်လုပ်ငန်း မန်နေဂျာလား၊ ညွန်မှူးလား မမှတ်မိ၊ သူတို့က မန္တလေး ဇာတိလို ဖြစ်နေတာ၊ မန္တလေးသား တပိုင်းပေါ့”လို့ နီးစပ်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဦးနိုင်ထွဋ်အောင် ရဲ့ ပင်ပစီးပွားရေးလုပ်ငန်းဟာ International Gateways Group of Company Limited ဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စုအတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်သူလည်း ဖြစ်တယ်လို့ တချို့က ဆိုပါတယ်။

ဦးနိုင်ထွဋ်အောင် ပိုင်တဲ့ International Gateways Group of Company Limited (IGG) ဟာ မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့ ဆက်စပ်မှု ရှိသလို စစ်အုပ်စုအတွက် လေယာဉ်စက်ပစ္စည်းတွေ အဓိက တင်သွင်းနေတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တယ်လို့ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့် နေပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Justic for Myanmar က ၂၀၂၂ ဖေဖေါ်ဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

“လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းများအရ မြန်မာ စစ်တပ် အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ စစ်လက်နက်များနှင့် စစ်ဘက်ပစ္စည်း ဝယ်ယူမှု များစွာတွင် International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နှင့် Myanmar New Era Trading Company တို့၏ ပါဝင်မှု သက်သေ အထောက်အထားများ ဖော်ပြထားသည်။ ထိုစာရွက်စာတမ်းများတွင် ဖော်ပြပါကုမ္ပဏီများမှ မြန်မာစစ်တပ် ကိုယ်စား ဝယ်ယူပေးမှုများ၏ သမိုင်းကြောင်းများကို ထုတ်ဖော်ထားသည်။ စာရွက်စာတမ်းများထဲမှ အချို့ကို Justice For Myanmar ဝဘ်ဆိုဒ်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ လျှို့ဝှက်ပေါက်ကြားသည့်စာရွက်စာတမ်းတစ်ခုတွင် IGG ၏ ကုမ္ပဏီခွဲ Gateways Hongkong Company Limited ကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်အတွင်း မြန်မာ့လေတပ်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ လေယာဉ်စက်ပစ္စည်းများ ပေးသွင်းရန် အနည်းဆုံး စာချုပ် ၁၂ ခုကို ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အခြားလျှို့ဝှက်ပေါက်ကြား စာရွက်စာတမ်းတစ်ခုတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ သန်းကျော် တန်ဖိုးရှိ လေယာဉ်များအတွက် စက်ပစ္စည်း အစိတ်အပိုင်းများနှင့် စစ်သင်္ဘောများအတွက် စစ်လက်နက်များကို ကုမ္ပဏီတစ်ခုတည်းက ဝယ်ယူမှု ၅ ကြိမ်၏ အသေးစိတ်အချက်အလက်များ ပါရှိသည်။ အဆိုပါ စစ်တပ် ဆက်နွယ်သည့် အဓိကကုမ္ပဏီများ၏ ဒါရိုက်တာများနှင့် ရှယ်ယာရှင်နေရာများတွင် လူပုဂ္ဂိုလ် (၁၈) ဦးကို ဖော်ပြထားပြီး ယင်းတို့ထဲမှ ၄ ဦးမှာ မိသားစုဝင်များ ဖြစ်ကြသည်။ ၎င်းတို့တစ်ဦးချင်းစီသည် စင်ကာပူနိုင်ငံတွင် ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားရှိသည်။ မြန်မာလက်နက်ပွဲစား များသည် မြန်မာစစ်တပ်နှင့် နိုင်ငံတကာ လက်နက်ရောင်းချသူများကြား ငွေပေးချေမှု အဆင်ပြေစေရန် စင်ကာပူနိုင်ငံကို အမြဲတမ်း အသုံးပြုခဲ့သည်။ ၎င်းတို့ထဲမှ ဒေါက်တာနိုင်ထွဋ်အောင်သည် မြန်မာ့စစ်လက်နက် ကုန်သွယ်မှုတွင် အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ပစ္စည်းပေးသွင်းသူများ အထူးသဖြင့် တရုတ်နိုင်ငံရှိ ပစ္စည်းပေးသွင်းသူများနှင့် မြန်မာ့လေတပ်၊ မြန်မာ့ရေတပ်တို့ အကြား အကျိုးဆောင်ပေးသည်။ ဒေါက်တာနိုင်ထွဋ်အောင်သည် လက်ရှိကာကွယ်ရေးဦးစီးချုပ်၊ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့် ဆက်နွယ်မှုရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်တွင် ဒေါက်တာ နိုင်ထွဋ်အောင်နှင့် IGG ကုမ္ပဏီအား အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ပွဲစား လုပ်ကိုင်သည့် အမည်စာရင်းတွင် ဖော်ပြခဲ့သည်” လို့ Justic for Myanmar က ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုအတွက် လက်နက်ပွဲစားတွေအဖြစ် လုပ်ကိုင်နေသူ သုံးဦးဖြစ်တဲ့ International Gateways Group of Company Limited ပိုင်ရှင် ဦးနိုင်ထွဋ်အောင်၊ Myanmar Chemical & Machinery ကုမ္ပဏီပိုင်ရှင် ဦးအောင်လှိုင်ဦး၊ စီးပွားရေးသမား ဦးစစ်တိုင်းအောင်တို့ သုံးဦး၊ အာဏာသိမ်း စစ်အုပ်စုရဲ့ တိုင်းမှူးတွေဖြစ်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနဲ့ အမှတ် ၆၆ ခြေမြန် တပ်မဌာနချုပ် (တမခ ၆၆)တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း အမေရိကန်နိုင်ငံကလည်း ၂၀၂၂ မတ်လမှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – မဟာမုနိဂေါပကအဖွဲ့၊ JFM

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *