ကျောက်ဖြူသို့ စစ်ကူများထပ်မံစေလွှတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်လာ
တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံထားသော စီးပွားရေးဇုန်တည်ရှိရာ ကျောက်ဖြူမြို့သို့ စစ်ကောင်စီက စစ်ကူများ ထပ်မံစေလွှတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များလည်းပါဝင်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ယမန်နေ့(ဇွန်လ ၇ ရက်) မွန်းလွဲ ၃ နာရီခန့်က ကျောက်ဖြူမြို့အမှတ်(၁)ဆိပ်ကမ်းသို့ ရေတပ်သင်္ဘောများ ဆိုက်ရာက်လာရာတွင် ဖောကားခြောက်စီးဖြင့် စစ်ကူအင်အား ၂၀၀ အထက်နှင့်အတူ လက်နက်ခဲယမ်း များပါဝင်ကြောင်း ၎င်းကဆိုသည်။
“အင်အားလာဖြည့်တာ တပ်ကားလေးစီး၊ ရဲကားကနှစ်စီး အားလုံးပေါင်းခြောက်စီး၊ ဖောကားတွေနဲ့ပါလာ တာ။ အခုက ရဲတွေပါ ပါလာတာ။ အင်အား ၂၀၀ ကျော် ၃၀၀ နီးနီးရှိတယ်။ မနေ့ကပဲ ရောက်ရောက်ချင်း ရဲတပ်ရင်း(၃၂) ထဲပို့လိုက်တယ်။ တိုက်ပွဲက မနေ့ကစပြီး ခဏတန့်နေတယ်။
ရဲတပ်ရင်းမှာက ဇွန်လ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်တယ်။ ၇ ရက်နေ့အထိကတော့ သစ်ပုတ်တောင်လမ်းခွဲမှာ တိုက်ပွဲဖြစ်နေ တာ။ ရေတပ်ဌာနချုပ်ကိုတော့ မရောက်သေးဘူး။ အဲဒီကိုသွားတဲ့လမ်းမှာ ဖြစ်နေတာ”ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တဦးက ပြောသည်။
ယခုအင်အားဖြည့်တင်းလိုက်သည့် ရဲတပ်ရင်း(၃၂)သို့ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း အင်အား ၁၂၀ ဝန်း ကျင်ခန့်ရှိ စစ်ကူများ၊ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော ရေတပ်သင်္ဘာတစင်း ကမ်း ကပ်ခဲ့ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့သေးသည်။
ထို့ပြင် မေလ ၇ ရက်နေ့ကလည်း စစ်ကောင်စီသည် စစ်တွေမြို့မှ ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ် သို့ စစ်ကူ ၃၀၀ ကျော်ကို ရေကြောင်းမှပို့ဆောင်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလမှစပြီး စစ်ကူအင်အားများ တပ်ဖြန့်ပို့ဆောင်နေ သည်မှာ ငါးကြိမ်အထက်ရှိပြီး လေးလအတွင်း စုစုပေါင်းအင်အား ၁,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။
ရဲတပ်ရင်း(၃၂)တွင် ဇွန်လ ၆ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အကျအဆုံးများနေ ကြောင်း သတင်းများထွက်ပေါ်နေခြင်းကြောင့် စစ်ကူအကြိမ်ကြိမ်ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုကြသည်။
“ရဲတပ်ရင်းဘက်ပဲ ဦးတည်ပို့နေတယ် ကြားတယ်။ အဲဒီဘက်မှာတိုက်ပွဲက တော်တော်ဖြစ်နေတာ။ လေ ယာဉ်တွေတော့ မလာသေးဘူး။ စစ်ကောင်စီဘက်က တိုက်ပွဲခဏနားထားတဲ့ရက်ဆို စစ်ကူတွေ ပို့ပို့နေ တာ”ဟု ဒေသခံတဦးကပြောသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်က ကျောက်ဖြူသို့ အင်အားလာဖြည့်တင်းထားသည့် တပ်မ(၁၁)မှ ဗျူဟာမှူး နှင့် ဒေသအခြေစိုက် ခမရ(၅၄၃)မှ ဗိုလ်ကြီးတဦး AA ၏လက်ဖြောင့်က တပ်စနိုက်ပါဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီး ဗျူဟာမှူး၏အလောင်းကို ရန်ကုန်သို့လေကြောင်းမှ သယ်ဆောင်သွားကြောင်း ရခိုင်သတင်း ဌာနများတွင်ဖော်ပြသည်။
ယင်းနောက် မေလ ၃၀ ရက်တွင် စစ်ကောင်စီ၏ စစ်ဦးစီးမှူးပထမတန်း(G1)အဆင့် ဒုတိယဗိုလ်မှူးကြီး နှင့်အတူ တပ်သားများကို အာရက္ခတပ်တော်(AA) က လက်ရဖမ်းဆီးမိခဲ့သည်။
ယေဘုယျအားဖြင့် စစ်ဦးစီးမှူးပထမတန်း G1 ရာထူးအဆင့်များသည့် စစ်ဆင်ရေးလိုက်ရခဲခြင်းကြောင့် လိုအပ် ချက်ရှိမှသာ ဗျူဟာမှူးနေရာ၌ အစားထိုးပြီး ရှေ့တန်းသို့လိုက်ပါရခြင်းကြောင့် စစ်ကောင်စီအနေ ဖြင့် ဗျူဟာမှူးများကို လောက်ငှအောင်ခန့်အပ်ထားနိုင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
လက်တလော တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတိုက်ပွဲတွင် AA ၏ ညီနောင်မဟာမိတ်ဖြစ်သော တအာင်းတပ်(TNLA) လည်း အတူပါဝင်တိုက်ခိုက်နေသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ မင်းတပ်တောင်စခန်း၊ လိပ်ခမော်ကာကင်းစခန်း၊ နှမ်းဖဲတောင်ကာကင်းစခန်းတို့ကို မေလတတိယအပတ်က သိမ်းပိုက်ထားနိုင်သည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄)၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့ တည်ရှိသည်။
အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်တွင် အကြီးဆုံး နပခတိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ စသည့် နောက်ဆုံးလက်ကျန် မြို့သုံးမြို့ကို သိမ်း ပိုက်ရန် ကြိုးပမ်းနေသည်။
ဓာတ်ပုံ – ရခိုင်ပြည်နယ် တနေရာတွင် ရဲတပ်ဖွဲ့ဝင်များ-ပုံအဟောင်း။ ( AFP )


Leave a Reply