ဖရဲသီး သတင်းပေးမှုဖြင့် လေယာဥ်ဆီတင်ကား ပြည်သူ့ကာကွယ်ရေးတပ်ဖမ်းဆီး

ရှမ်းပြည်နယ် ၊ နမ့်စန်မြို့အခြေစိုက် လေတပ်စခန်းဌာနချုပ်တွင် အသုံးပြုမည့် လေယာဥ်ဆီကားတစီးကို တပ်တွင်းသတင်းပေး(ဖရဲသီး) မှုကြောင့်ဖမ်းဆီးရမိကြောင်း အောင်ဆန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Aung San’s Land Natmauk) တာဝန်ရှိသူထံက သိရသည်။

နတ်မောက်မြို့နယ်ဘက်မှ ထွက်ခွာလာသော ယာဥ်အမှတ် 2B-8525 လေယာဥ်ဆီများတင်ဆောင်လာသည့် ဆီဘောက်ဆာကားတစီးကို ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ်မိုင်တိုင် ၂၆၂ အနီးတွင် ယနေ့ (ဇွန်လ၈ရက်) တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့က နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန် ဖရဲသီး သတင်းပေးမှုကြောင့် စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ် ။ အရေးယူဖို့အတွက် စစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု Aung San’s Land Natmauk မြေပြင်တာဝန်ခံ ဘာမထီ က ပြောသည်။

လေယာဥ်ဆီ သယ်ဆောင်ရေးတာဝန်ခံ အရာခံဗိုလ် မင်းထွဋ်၏ လက်ပါးစေ နှစ်ဦးကို ကိုယ်စားလှယ်လွှတ်သည့်စာ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အကူအညီပေးသည့်စာ များနှင့် လေယာဥ်ဆီများပါသည့် ကားကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သိမ်းဆည်းရမိသည့် စာထဲတွင် နမ့်စန်လေတပ်ဌာနချုပ် အုပ်/တပ် များရှိ လေယာဥ် ၊ ရဟတ်ယာဥ်များ ၊ စစ်ဆင်ရေးနှင့် လေ့ကျင့်ပျံသန်းရေး ၊ အုပ်ချုပ်မှုသုံးမော်တော် ယာဥ်များနှင့် ရေစက်၊ မီးစက်များအသုံးပြု ရန်အတွက် လေယာဥ်ဆီ(JET – A1) , Octane နှင့် Hight Speed Diesel များသယ်ဆောင်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မြို့ကို သိမ်းနိုင်ရန် ရည်ရွယ်ချက်ထားကြိုးစားနေပြီး နယ်မြေ အတွင်းရောက်လာသည့် စစ်ကောင်စီတပ်များကို လွတ်လမ်းမရှိစေရန် နေ့စဥ် မပျက်မကွက်လုပ်ဆောင်နေကြောင်း၊ လက်နှက်ခဲယမ်းအားနည်းချက်ရှိပြီး ဖြည့်တင်းနိုင်ရန် ကြိုးစားနေကြောင်း အောင်ဆန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ထံက သိရသည်။

ပြည်သူများကို လေကြောင်းက သတ်ဖြတ်မှုတွင် အဓိကကျသော လေယာဥ်ဆီကား ဖမ်းဆီး ရမိခြင်းသည့် လေကြောင်းရန်အတွက် နှမ်းစေ့တစေ့စာခန့်သာ အတားအဆီး နှောင့်ယှက်ဟန့်တားနိုင်ခြင်းဖြစ်ပြီး ဆက်လက်၍ ကြိုးစားသွားမည်ဖြစ်ကြောင်း Aung San’s Land Natmauk မြေပြင်တာဝန်ခံ ဘာမထီကပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *