မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရွှေဟင်္သာဟိုတယ်နဲ့ မြို့ရှောင်လမ်းအနီး တံတားဖြူမှာ လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ ဒုရဲအုပ် ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၈ ရက်၊ မနက် ၉ နာရီကျော်မှာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝင်းကြိုင် ဆိုသူက ရဲတပ်ဖွဲ့ဝင် ၁၀ ဦးလောက်နဲ့ လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းဆီးနေချိန် ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားက ဒုရဲအုပ် ဝင်းကြိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံ သတင်းရင်းမြစ်က လဂွန်းအိမ်ကို ပြောပါတယ်။
“ဆိုင်ကယ် အစစ်ဆေးခံသလိုနဲ့ ဆိုင်ကယ်ရပ်သလို လုပ်ပြီးမှ ပစ်ခတ်သွားတာ၊ နေရာမှာတင် ပွဲချင်းပြီးပဲ၊ ပစ်ခတ်မှု ရုတ်တရက်ဖြစ်တော့ ကျန်တဲ့ရဲတွေလည်း ပြေးဝပ်ကြတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လွတ်မြောက်သွားတဲ့ သေနတ်သမားကိုတော့ ရဲတပ်ဖွဲ့က မြို့တွင်းမြို့ပြင် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ဇွန်လ ၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ သံတံတားအနီးမှာ လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းဆီးစစ်ဆေးနေကြတဲ့ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သလို ယာဉ်စစ်ဆေးခြင်းခံနေရတဲ့ အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။


Leave a Reply