ကလေးငယ်များစာသင်နေသည့် နေအိမ်ကို စစ်ကောင်စီလေတပ်ဗုံးကြဲ၊ ၅ ဦး သေဆုံး

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အစပ်ရှိ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာကကလေးငယ်များ စာသင်နေသည့် နေအိမ်တလုံးကို ယနေ့ (ဇွန်လ ၉ ရက်) မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးကြဲမှုကြောင့် အသက် ခုနစ်နှစ် ဝန်းကျင် ကလေးငယ် သုံးဦး၊ အပါအဝင် ငါးဦးသေဆုံးခဲ့သလို ဒဏ်ရာရသူ ခုနစ်ဦးတွင်လည်း ကလေးငယ် ခြောက်ဦးပါဝင်ပြီး စိုးရိမ်ရသူများလည်း ရှိကြောင်းသိရသည်။

မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) မှ ပြန်ကြားရေးတာဝန်ခံက “ပိုင်ရပ်မှာ တိုက်ပွဲမရှိပါဘူး။ အဲ့ဒါ စာသင်ကျောင်းလည်း မဟုတ်ဘူး၊ ကလေးတွေ သီးသန့်စုပြီးတော့ ဒီတိုင်းပဲ ကိုယ်ထူကိုယ်ထ သင်ပေးတဲ့နေရာလေး။ ဆရာမကလည်း လမ်းမှာဆုံးသွားတယ်”ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုတွင် လူအများသေစေနိုင်သည့် ကလက်စတာဗုံးအမျိုးစားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ အလားတူ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာရှိ ဆေးရုံကိုလည် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *