ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းမှ ရှေ့တန်းကာကင်းတာဝန် ထမ်းဆောင်နေစဉ် ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို Chin Defence Force Asho တပ်ဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးထံမှ MA အမျိုးအစား လက်နက်ငယ် ၃ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှာ တာဝန်ချခြင်းထားရတဲ့ ရှေ့တန်းစစ်မြေပြင်မှာ အပို့ခံထားရတဲ့ သူတွေ တော်တော်များများကတော့ ပြည်သူ့စစ်တွေပဲဖြစ်နေပါတယ်။ ပြည်သူ့ စစ်တွေပဲဖြစ်နေတော့ စစ်ရေး အတွေ့အကြုံ မရှိတဲ့ အပိုင်းတွေ ရှေ့တန်း စစ်မြေပြင်ရဲ့ ကြမ်းတမ်းမှုပိုင်းတွေ မခံနိုင်တဲ့ အတွက်ကြောင့်မို့လို့ ထွက်ပြေးလာတဲ့သူတွေများပါတယ်။ ဒါကတော့ လတ်တလော အခြေအနေအရ ကနဦးဖမ်းမိထားတဲ့ အရေအတွက်ကို ထုတ်ပြန်ထားတာပါ။ မကြာခင် ရက်ပိုင်းမှာလည်း နောက်ထပ် ဖမ်းဆီးရမိတဲ့ သူတွေကို ထပ်ပြီးတော့ ထုတ်ပြန်ပေးပါအုန်းမယ်။ ရှေ့တန်း စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအနေနဲ့ အထူးသဖြင့် ပြည်သူ့စစ်တွေ အနေနဲ့ အတတ်နိုင်ဆုံး တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ အလင်းဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုက တိုက်တွန်းထားသည်။

ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းတွင် စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၃ ဦး PDF ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အခြေစိုက် ခမရ ၄၃၁ တပ်ရင်းတွင် စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ပျံလွှားတပ်ဖွဲ့မှ တာ၀န်ရှိသူ ရဲဘော်ဖီးလ်နစ် က ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အခြေစိုက် ၄၃၁ အခြေမြန်တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်လာသည် စစ်မှုထမ်းတပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၃ ဦးသည် ကော့သောင်းမြို့နယ် Local PDF ပျံလွှားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ ၃ ဦးမှာ ကိုအာကာထွန်း၊ ကိုလှ၀င်းမောင်နှင့် ကိုအောင်ထွန်းလင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံအတွင် ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့နယ်မှ ကော့သောင်းမြို့နယ်သို့ ပို့ဆောင်ခံခဲ့ရကာ စစ်မှူးထမ်းအဖြစ် တပ်သားသစ်စုဆောင်းခံခဲ့ရပြီး ခြေမြန်တပ်ရင်း ၄၃၁ သို့ ပို့ဆောင်ခံရကာ ၁၀ ရက်ခန့်သာ နေထိုင်ခဲ့ပြီး ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထွက်ပြေးတုန်းကတော့ ၁၀ ယောက် အတူဖြစ်ပြီး ကျန် ၇ ဦးကတော့ ထွက်ပြေးနေတုန်း စစ်ခွေးများနဲ့ ထိပ်တိုက်တိုးပြီး သံပိုက်လုံးနဲ့ မသေရုံ ရိုက်နှက်ပြီး ပြန်လည် ဖမ်းဆီးသွားတယ်လို့ သိရတယ်။ ၃ ဦးကတော့ လွတ်မြောက်လာပြီး အလင်းဝင်လာတာ” ဟုပျံလွှားတပ်ဖွဲ့မှ တာ၀န်ရှိသူ ရဲဘော်ဖီးလ်နစ် က ပြောဆိုသည်။

ဆက်လက်၍ ပြည့်သူ့ရင်ခွင် ခိုလှုံလိုသော စစ်ကောင်စီ တပ်သားများ အနေဖြင့် Local PDF ပျံလွှားတပ်ဖွဲ့ ထံသို့ ဆက်သွယ်နိုင်ပြီး လက်ခံ ကြိုဆိုသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *