၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်နှစ်ခွဲအတွင်း တပ်မ(၉၉)တပ်မမှုး ၅ ဦးအထိ့ပြောင်းလဲ
မြောက်ပိုင်းမဟာမိတ်မိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလမှစ၍ တပ်မမှူးမကြာခဏ ပြောင်းနေသည့် တပ်မ(၉၉)၏ လက်ရှိတပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်ကို စစ်ကောင်စီကဖမ်းဆီးပြီး ရာထူးရုပ်သိမ်းကာ စစ်ကြောရေးဝင်နေသည်။
ဗိုလ်မှူးချုပ်တင်မောင်ကျော်သည်မေလကုန်က ဖမ်းဆီးခံရပြီးအဖမ်းမခံရမီရက်ပိုင်းအလိုက အာရက္ခတပ်တော်(AA)ထံခိုလှုံပြီး စစ်တပ်အားပုန်ကန်
မည်ဟု သတင်းများထွက်ခဲ့သည်ဟု နေပြည်တော် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ကက(ကြည်း)ကလာတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လာစစ်နေတာ။ သူ့အခြေအနေ မကောင်းပါဘူး။ သေဒဏ်ကျနိုင်တယ်။ ရာထူးလည်း လက်မဲ့ဖြစ်သွားပြီး အသုံးမဝင်တော့ဘူး”ဟုအထက်ပါသတင်းရင်းမြစ်ကပြောသည်။
ဗိုလ်မှူးချုပ် တင်မောင်ကျော် AA ထံခိုလှုံပြီး စစ်တပ်အားပုန်ကန်မည်ဟု သတင်းအပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တပ်မ(၉၉)သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့၌အခြေစိုက်ပြီး ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို မန္တလေးနန်းတွင်း၌ စစ်ကြောရေးဝင်နေသည်ဟု သတင်းရရှိသည်။
AA တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာ နှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲများတွင်တပ်မ(၉၉)မှ ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး ၈၀ ထက်မနည်းပျောက်ဆုံးနေ၍ ယင်းစစ်ဆင်ရေးတွင် တာဝန်အရှိဆုံးဗိုလ်မှူးချုပ် တင်မောင်ကျော်သည် ကာလရှည်စောင့်ကြည့်ခံခဲ့ရပြီးနောက်ဖမ်းဆီးခံရခြင်းဟု စုံစမ်းသိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ် အောင်ကျော်လွင်နောက်ပိုင်း ဗိုလ်မှူးချုပ် တင်မောင်ကျော်သည် ဖမ်းဆီးခံရသည့် တပ်မ(၉၉)၏ ဒုတိယမြောက်တပ်မမှူးဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး၌ ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးပြီးနောက်ပိုင်း ယခု တြံဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်က တပ်မ(၉၉) တပ်မမှူးတာဝန် ယာယီယူခဲ့သည်။
ထို့နောက် ၂၀၂၄ နှစ်လယ်ပိုင်းတွင် တပ်မ(၇၇) ဒုတပ်မမှုး ဗိုလ်မှူးကြီးမိုးမြင့်ထွန်းကတပ်မ(၉၉)တပ်မမှူးဖြစ်လာပြန်သည်။
ကျားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ တရုတ်၏ သတင်းပေးမှုဖြင့် ယင်းနှစ်ကုန်ပိုင်းတွင်ပင် ဗိုလ်မှူးကြီး မိုးမြင့်ထွန်းအား စစ်ကောင်ဆီကဖမ်းဆီးခဲ့ပြန်သည်။
ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်ရာထူးတိုးကာ တပ်မ(၉၉)တပ်မမှူးရာထူးကို ဗိုလ်မှူးချုပ်တင်မောင်ကျော်က ၂၀၂၅ ခုနှစ်ဆန်းပိုင်းတွင်မှရခဲ့သည်။
ဗိုလ်မှူးချုပ်တင်မောင်ကျော်တပ်မ(၉၉)တပ်မမှူးဖြစ်လာချိန်တွင် တပ်မ(၉၉) သည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းဆက်စပ်နေရာများတွင် စစ်ဆင်ရေးတာဝန်ယူခဲ့ရသည်။
တစ်ချိန်တည်းတွင် AA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမ်းမြို့ကိုသိမ်းယူပြီးနောက် အမ်း-ပဒါန်းလမ်းနှင့် မကွေးတိုင်းမှ မင်းဘူး၊ငဖဲမြို့နယ်များ၊ ပဲခူးတိုင်းမှ ရခိုင်ရိုးမနဲ့ဆက်စပ်ဧရိယာများကို စစ်ရေးဖော်ဆောင်နေချိန်ဖြစ်သည်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရကန်ဗျူဟာကို ထိန်းချုပ်ရေးအပါအဝင် AAနှင့် ပူးပေါင်းတပ်များ၏စစ်ဆင်ရေးများတွင်တပ်မ(၉၉)
လက်အောက်ခံတပ်ရင်းများ အထိနာခဲ့သည်။
နတ်ရေကန်စခန်းကုန်းကို AA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်
ပွဲ၌ AAနှင့် ပူးပေါင်းတပ်များက ဖမ်းမိခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ၎င်းတို့ထံတွင် တပ်ရင်း ၁ ရင်း၌ တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိကြောင်း၊ တိုက်လိုခိုက်လိုစိတ်လည်းမရှိတော့သလို ယုံကြည်မှုလည်းမရှိတော့ကြောင်း၊ AA တပ်ဖွဲ့ဝင်များသည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံပြီး ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း AA ထံ ထုတ်ဖော်ပြောကြားခဲ့သည်။
“အတွင်းစည်းက ကိစ္စတွေပါ ဖွင့်ချခံရတော့တပ်မမှူးလည်းငယ်ထိပ်မြွေပေါက်တော့တာ။အဲဒီနောကပိုင်းတိုက်ပွဲတွေမှာလည်း စခန်းတွေဆုံးရှုံးသလို ပျောက်နေတာကလည်း ၈၀ လောက်အထိရှိနေတော့ ဘယ်လိုမှရှင်းမရတော့ဘူး။ သူ(ဗိုလ်မှူးချုပ်တင်မောင်ကျော်) ပုန်ကန်မယ်ဆိုတဲ့ သတင်းကလည်းတပ်ထဲမှာထွက်လာသေးတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
လက်ရှိတွင် တပ်မ(၉၉) တပ်မမှုးအဖြစ်ဟားခါးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကို စစ်ကောင်စီကခန့်အပ်ထားသည်။
ထို့ကြောင့် မြောက်ပိုင်း မဟာမိတ်မိတ်သုံးဖွဲ့၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကာလမှလက်ရှိအချိန် (၂၀၂၅ ဇွန်လ) အထိ ၁ နှစ်ခွဲခန့်အတွင်းတပ်မ(၉၉) တပ်မမှူး ၅ ဦးအထိ အပြောင်းအလဲဖြစ်ခဲ့သည်။
၎င်းတို့ငါးဦးမှာဗိုလ်မှူးချုပ် အောင်ကျော်လွင်(သေဆုံး)၊ ဗိုလ်ချုပ် စိုးလှိုင်( လက်ရှိတြံဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး)၊ ဗိုလ်မှူးကြီးမိုးမြင့်ထွန်း (စစ်ကောင်စီ ပြန်ဖမ်းဆီးထား)၊ ဗိုလ်မှူးချုပ်တင်မောင်ကျော် (ယခုဖမ်းဆီးခံထားရ)နှင့် ဗိုလ်မှူးကြီး စိုးဝင်းထွန်း (လက်ရှိတာဝန်ထမ်းဆောင်ဆဲ)တို့ဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်မေလကုန်ကလည်း ဖားကန့်တွင် KIA ၊KPDF ပူးပေါင်းတပ်အား စစ်ရှုံးခဲ့သည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များကိုပါ ထိန်းသိမ်းထားသည်။
စစ်ကောင်စီတွင် တပ်မ ၁၀ ခုရှိသည်။ တပ်မ(၆၆)ညမှလွဲ၍ ကျန်တပ်မ ၉ ခုမှ တပ်မမှူးများအနက် တိုက်ပွ၌ ၅ ဦး သေဆုံးပြီးစစ်သုံ့ပန်းအဖြစ် ၂ ဦးဖမ်းဆီးခံထားရသည်။ ထပ်မံခန့်အပ်သူအပါအဝင် ၂၃ ဦးကို စစ်ကောင်စီက ဖမ်းထားသည်။
တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည်၂၀၂၄ ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးခဲ့သည်။
တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးသည်မောင်တောမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။
တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်သည်၂၀၂၄ ဇန်နဝါရီလက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ၎င်းလိုက်ပါလာသည့်ရဟတ်ယာဉ်ကို KNU က ပစ်ချစဥ်သေဆုံးခဲ့သည်။
တပ်မ(၅၅)တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းသည် MNDAA ၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် လောက်ကိုင်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချခဲ့၍ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် တပ်မတော်အက်ဥပဒေများ၊ ပုဒ်မများဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်ခံရသည်။
တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ၏ ပြီးခဲ့သည့်ဧပြီလက အင်းတော်မြို့သိမ်းတိုက်ပွဲတွင်အဖမ်းခံခဲ့ရသည်။
တပ်မ(၈၈)တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးသည် ၂၀၂၄ မတ်လ၂၉ ရက်က မိုးမောက်မြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ သေဆုံးခဲ့သည်။
တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင်သည် ၂၀၂၃ နိုဝင်ဘာလ ၇ ရက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။
တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ ၂၀၂၃ ဒီဇင်ဘာလက နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံခဲ့ရသည်။
ပဲခူးတိုင်း၊သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် တပ်မ(၆၆)သည်လည်း ဖွဲ့စည်းပုံမပြည့်တော့ဘဲ တိုက်ရည်ခိုက်ရည်မရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
တပ်မ(၆၆)၏ တပ်မမှူးမှာ ဗိုလ်မှူးကြီး ကျော်စိုးလင်းဖြစ်သည်။
“တပ်မမှူးဆိုတာက တပ်ထဲမှာ ဆရာ့ဆရာကြီးတွေ။ အခုတော့ ဘယ်ခွေးအဖေခေါ်ရမှန်းမသိတဲ့ဘဝ ရောက်သွားကြပြီ”ဟု လက်ရှိစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေသော စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။

Leave a Reply