တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် နှင့် ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဗောဓိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို ဇွန်လ ၁၀ ရက် မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့ကြောင်း FFD တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

မြိတ်−ထားဝယ်ခရိုင် အတွင်း ၁၉၉၇ ခုနှစ်မှ စတင်ဝင်ရောက် ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီ၏ အမိုနယ်စပ် (ခေါ်) ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်း တပ်များက ဇွန်လ ၈ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့ ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ထိုင်း – မြန်မာ နယ်စပ်တွင် ရှိသည့် ဗောဓိနယ်စပ်စခန်းသည် စတုရန်း မီတာ ၁၀၀ မီတာခန့်ကျယ်ဝန်းပြီး ခြံစည်းရိုးသုံးထပ်ဖြင့် ဖွဲ့စည်းထားသော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ဗောဓိစခန်း တစ်ဝက်လောက်က ထိုင်းနိုင်ငံရဲ့ဘက်အခြမ်းကိုဝင်နေပါတယ်။ အခိုင်အမာနဲ့ ကိုသေချာ ဆောက်ထားတာ။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇွန်လ ၈ ရက်နေ့ ကစပြီး ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တယ်။ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ သုံးရက်မြော က်တဲ့နေ့မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်”ဟု FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

ဘောဓိစခန်းသည် ယခင်က ထားဝယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ – ၂၅ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၈ ဦးခန့်သာရှိသော်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာချိန်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် စစ်ကူများပို့ဆောင်ပေး၍ အင်အား ၆၀ ခန့်ရှိကြောင်း FFD တပ်ဖွဲ့ ဒုတာဝန်ခံထံမှ သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိထားသည်။

“ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သားတွေလည်းအများကြီးရှိပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေလည်း အမြောက်အများရှိပါတယ်။ ဘယ်နှစ်ယောက်သေဆုံးတယ် ဆိုတာ တော့ မသိရသေးဘူး။ အခုမှ စခန်းရှင်းလင်းရေးလုပ်နေတုန်းပါ။ စစ်လက်နက် ပစ္စည်းတွေနဲ့အကျ အဆုံးစာရင်းကို ဆက်လက်ထုတ်ပြန်ဖို့ရှိပါတယ်” ဟု FFD ရဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီသည် ဘောဓိစခန်းအနီးတစ်ဝိုက်နှင့် အမိုကျေးရွာ ဘက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့၍ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

FFD တပ်ဖွဲ့သည် KNU /KNLA စစ်ရေးဦးဆောင်မှုဖြင့် ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် ထီးခီးဗျူဟာ စခန်း ၊မေလ ၂၈ ရက်နေ့တွင် ထီးထ စခန်း နှင့် ဇွန်လ ၁၀ ရက်နေ့တွင် ဗောဓိစခန်းတို့ ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU / KNLA တပ်မဟာ (၄) ဦးဆောင်မှုဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း (၇) ၊ တပ်မဟာ ဒရုန်း တပ်ဖွဲ့ ၊ထီးမိုပွာဒေသရှိ သစ်တောဌာန ၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့ ၊ အမျိုးသမီးအစည်းအရုံး နှင့် မဟာမိတ်တပ်များဖြစ်သည့် FFD Drone တပ်ဖွဲ့ နှင့် TPLF တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပုံစာ – သိမ်းပိုက်ထားသည့် ဘောဓိစခန်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် KNLA နှင့် ပူးပေါင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်


Leave a Reply

Your email address will not be published. Required fields are marked *