ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်

ရွှေဘိုတွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Fight For Freedom အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် ရွှေဘိုမြို့ တောင်ဘက်အထွက် မုဒ်ဦးတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘို-မန္တလေး ကားလမ်းဘက်ကို ကင်းလှည့်ရန် ထွက်လာစဉ် Fight For Freedom အဖွဲ့မှ တော်လှန်ရေး ရဲဘော်များနှင့် မဟာမိတ်တပ်ဖွဲ့များက အဝေးထိန်းမိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲသည် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုက စစ်ကောင်စီဘက်က သုံးယောက်သေပါတယ်။ ထိခိုက်မှုလဲရှိပါတယ်။ ပွဲဖြစ်ပြီးတော့ နာရေးကား ၂ စီးနဲ့ လာတင်သွားပါတယ်။ စစ်ခွေး ခန့်မှန်းခြေ ၁၀၀ ဝန်းကျင်ပါ။ အခုလို တိုက်ခိုက်မှုတစ်ခု ပြီးသွားတဲ့ အခါတိုင်းမှာ ခဲယမ်းအများအပြားကုန်သွားပါတယ် အဲ့တာကြောင့် ကျွန်တော်တို့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုအတွက် ခဲယမ်း ပြန်လည် ဖြည့်တင်းဖို့ အရမ်းခက်ခဲ သွားပါတယ်”ဟု Fight For Freedom အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း တပ်ခွဲ(၂)၊ Fight For Freedom FFF PDF ၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊ ရွှေဘိုမြို့နယ် တိုက်နယ်( ၅ ) ပကဖ ၊ တဂဏ နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခွတ်ဒေါင်းရာဇာ ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းအောင်လံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *