စစ်မှုထမ်းခေါ်ယူခံရသည့် ဗျိုင်းဖြူရွာသား ၄၀ ကျော် ကျောက်ဖြူတိုက်ပွဲအတွင်း AA ထံ လာရောက်ပူးပေါင်း

အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခံရသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသား ၄၀ ကျော်မှာ ကျောက်ဖြူတိုက်ပွဲအတွင်း အာရက္ခတပ်တော် AA ထံသို့ လာရောက်ပူးပေါင်း အလင်းဝင်သွားကြကြောင်း မိသားစုဝင်များနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ဖြူတွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တိုက်ပွဲအတွင်း စစ်မှုထမ်းခေါ်ယူခံရသည့် ဗျိုင်းဖြူရွာသား ၄၀ ကျော်သည် ဇွန်လ ပထမအပတ်လောက်က လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ပျောက်နေတဲ့ ဗျိုင်းဖြူရွာသား ၄၀ ကျော် ကျောက်ဖြူတိုက်ပွဲမှာ AA ဆီကို အလင်းဝင်သွားကြတယ်။ စစ်ကောင်စီက ဖမ်းထားတဲ့ ဗျိုင်းဖြူရွာသားတွေထဲက ၄၀ ကျော်ကို စစ်မှုထမ်းခေါ်ယူပြီး စစ်သင်တန်းသားတွေ ပေးတယ်။ ပြီးတော့ ကျောက်ဖြူတိုက်ပွဲကို ပို့တယ်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာ ကြာပြီ။ ပျောက်နေတဲ့သူတွေပေါ့။ အခုတော့ AA နဲ့ ပူးပေါင်းသွားကြပြီ” ဟု စစ်တွေသတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့က စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP တပ်ဖွဲ့ဝင်များမှာ လက်နက်အပြည့်အစုံဖြင့် ရွာထဲဝင်ရောက်ကာ ရွာသားများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ကြသည်။

ယင်းဖြစ်စဉ်အတွင်း အပြစ်မဲ့ ရွာသား ၄၁ ဦးထက်မနည်းကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ မတရား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြပြီး အများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်။

နောက်ထပ် ရွာသား ၃၅၀ ခန့်မှာ စစ်ကောင်စီ၏ အတင်းအဓမ္မ အကြောင်းမဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ၂၉၅ ဦးမှာ ပုသိမ်းအကျဉ်းထောင်၌ ရှိနေကြောင်းနှင့် ကျန် ၄၀ ကျော်မှာ စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းအတွက် ခေါ်ယူခံခဲ့ရသည်။

ဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူရွာသားများထဲမှ အချို့ကို စစ်ကောင်စီက စစ်မှုထမ်းအတွက် ခေါ်ယူခြင်းနှင့် ကျောက်ဖြူတိုက်ပွဲသို့ ပို့ဆောင်ပြီး AA ထံ အလင်းဝင်သွားကြသည်ကို မိသားစုဝင်များမှ တစ်ဆင့် အတည်ပြုထားကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အလင်းဝင်သွားကြတဲ့ သူတွေ ကိုယ်တိုင် သူ့မိသားစုဆီကို ဖုန်းဆက်လာလို့ သိရတာပါ။ မိသားစုဝင်တွေကတော့ AA ကိုယ့်ဘက် ရောက်သွားလို့ ပျော်နေကြတာပေါ့။ ဒီသတင်းက သေချာပါတယ်” ဟု သတင်းရင်းမြစ်က အခိုင်အမာ ပြောဆိုထားသည်။

ကျောက်ဖြူမြို့အနီးမှာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ စစ်စခန်း ၃ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားကြောင်းလည်း သိရသည်။

အမှတ် ၃၂ ရဲတပ်ရင်းအနီးက နှမ်းဖဲတောင်စခန်း၊ မင်းတပ်တောင်စခန်းနှင့် လိပ်ခမော်စခန်းတို့ကို AA က သိမ်းပိုက်ထားပြီး ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တိုင်းစစ်စီးဦးမှူး (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို AA က အရှင်ဖမ်းဆီးရရှိထားသည်။

အပြစ်မဲ့ ဗျိုင်းဖြူကျေးရွာသားများကို အာဏာသိမ်း စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ထောက်ပံ့ပေးသည်ဟုဆိုကာ မတရား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဗျိုင်းဖြူရွာသား အားလုံးသည် စစ်ကောင်စီ၏ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီး လက်ရှိတွင် စစ်တွေမြို့ထဲရှိ ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးရှောင်အဖြစ်ဖြင့် ခိုလှုံလျက်ရှိကြကြောင်း သိရသည်။

ပုံစာ- အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ ‌တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရစဉ်။ ဓါတ်ပုံ – AA


Leave a Reply

Your email address will not be published. Required fields are marked *